Friday, 3 August 2012

အချိန်ကိုအသုံးချတတ်ပါစေ

အချိန်ကိုအသုံးချတတ်ပါစေ
လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ဘ၀အဆင့်အတန်းချင်းမတူ။ ပညာအဆင့်အတန်းချင်းမတူ၊ အသိုင်းအ၀ိုင်းချင်းမတူ။ သြဇာအာဏာချင်းမတူ။ သို့တစေ သဘာဝတရားက လူသားတိုင်းအား တူညီသော အခွင့်အရေးတစ်ခု ကိုမူပေးထားပါ၏။ ယင်းအခွင့်အရေးကား၊ လူသားတိုင်း တစ်နေ့လျှင်၂၄နာရီဟူသောအချိန်ကိုညီတူညီမျှရရှိပိုင်ဆိုင်ထားခြင်းပင်ဖြစ်ပါသည်။တစ်ရက်လျင်၂၄နာရီထက်ပို၍မည်သူမျှမပိုင်ဆိုင်၊လျော့၍လည်းမပိုင်ဆိုင်။

ဤသို့ တန်းတူညီမျှရရှိထားသော အချိန် အပေါ်တွင် လူတစ်ဦးနှင့် တစ်ဦး အသုံးပြုပုံပြုနည်းချင်းမတူညီကြပေ။ ယင်းသို မတူညီမှုအပေါ် မူတည်ပြီး လူတစ်ဦးနှင့် တစ်ဦး ပညာအဆင့်အတန်း ဓနအဆင့်အတန်း၊ ဂုဏ်ဒြပ်အဆင့်အတန်း ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားသွားခြင်းဖြစ်ပါ၏။

အချိန်နှင့်ပျင်းရိခြင်းပေါင်းလျှင် ရလဒ်မှာ သုညဖြစ်ပါသည်။ အချိန်နှင့် လုံ့လ ဥဿဟပေါင်းစပ်လျှင် ရလဒ်မှာ ကိန်းဂဏန်းတွေဖြစ်လာပါသည်။ အချိန်ကိုသုံးသလား၊ဖြုန်းသလားဟူသောအချက်ကလူတစ်ယောက်၏ဘ၀အဆင့်အတန်းကို ပြဌာန်းပါ၏။လူတစ်ယောက်၏တန်ဖိုးကိုသတ်မှတ်ပါ၏။

အချိန်ဟူသည် သူ့ချည်းသက်သက်ဆိုလျင် အဖြူထည်မျှသာဖြစ်ပါ၏။သူ့အပေါ်အသုံးချမှုအပေါ်တည်မှီပြီးတန်ဖိုးရှိလာခြင်းဖြစ်ပါသည်။ အချိန်သည် လူပျင်းတို့လက်ထဲတွင် မည်သည့်တန်ဖိုးမျှ မရှိ။ သို့သော် လုံ့လဖြင့် ပညာရှာသူတို့လက်ထဲတွင် အချိန်သည် ပညာကို ပေးနိုင်၏။ ဥစ္စာရှာသူတို့လက်ထဲတွင် ဥစ္စာကို ပေးနိုင်၏။ ကုသိုလ်ပြုသူတို့၏ လက်ထဲတွင် ကုသိုလ်ကို ပေးနိုင်၏။ အချိန်ကို စနစ်တကျ အသုံးချတတ်သူ၏ လက်ထဲတွင် အချိန်သည် ပညာလည်းမည်၏။ ဥစ္စာလည်းမည်၏။ကျော်ကြားမှုလည်းမည်၏ကုသိုလ်လည်းမည်၏။

အချိန်ကိုဖြုန်းတီးနေသူသည် မိမိအကျိုးလည်း မဆောင်ရွက်နိုင်။ သူတစ်ပါးအကျိုးကိုလည်း မဆောင်ရွက်နိုင်။ ယင်းသို့ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မဆောင်ရွက်နိုင်ရုံမျှသာမက သူတစ်ပါးအပေါ် အမှီပြု၍ ရပ်တည် ရှင်သန်နေရသောကြောင့် မိဘ ဆွေမျိုးများအတွက်ဝန်ထုတ်ဝန်ပိုးပင်ဖြစ်စေ၏။ဆိုရလျှင်ထိုသူတို့သည်လောကအတွက်လာခြင်းမကောင်းသောဧည့်သည်များဖြစ်ပါ၏။အချိန်ကိုဖြုန်းနေသူ၌မည်သည့်ပညာမျှလည်းမရှိ။မည်သည့်ဥစ္စာမျှလည်းမရှိ။မည်သည့်အကျော်အစောမျှလည်းမရှိ။ ထိုသူမျိုးအတွက် လူအဖွဲ့အစည်းတွင်နေရာထိုင်ခင်းလည်းမရှိပေ။အချိန်ဖြုန်သူ၏ဘ၀နေ၀င်ချိန်သည်မလှပတတ်ပေ။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေကြောင်း ကျေးဇူး စမ်းအေးမြိုင် ဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါ၏။-

အချိန်ကိုတန်ဖိုးရှိအောင်သုံးတတ်လျှင်အချိန်တိုင်းမှာတန်ဖိုးရှိနေပါတယ်။

၁။စီးပွားဥစ္စာရှာနေသူအတွက်အချိန်သည်စီးပွားဥစ္စာဖြစ်ပါတယ်။
၂။ပညာသင်ကြားလေ့လာနေသူအတွက်အချိန်သည်ပညာဖြစ်ပါတယ်။
၃။တရားရှာမှီးအားထုတ်နေသူအတွက်အချိန်သည်တရားဖြစ်ပါတယ်။

အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်လျှင်သူ့အကျိုး၊ကိုယ်အကျိုးနှစ်မျိုးလုံးကိုပြီးစေနိုင်ပါတယ်။
သြ၀ါဒ အလင်းပွင့် (၁၁) မင်းနန် (မော်ကျွှန်း) အပ္ပမာဒ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။

စိတ်ညစ်ရင်ရေချိုးပါ(၂)

စိတ်ညစ်ရင်ရေချိုးပါ(၂)
  ကျောင်းသားတစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ် ကော ရုပ်ကော ကြည် လင် နေတဲ့ အတွက် စာကျက်လို့လည်းပိုကောင်းနေပါလိမ့်မယ်။ ကိုယ်က ဓိသဘောလေးတွေ အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းနေအောင် မကြာခဏ လုပ်ပေးနေရပါမယ်။ စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲလုပ်လုပ်၊ စာပဲကျက်ကျက် ၊ဘာပဲလုပ်လုပ်၊အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့လဲလိုက်ပါ။ ပြီးတော့ရေချိုးလိုက်ပါ။ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အဝတ်လေးကို ဝတ်လိုက်ပါ။

အားလုံးပြီးတာနဲ့ အသစ်လဲပြီးသားအိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပာယဖြစ်သလိုထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ'' မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူပါဘုရား'' လို့ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာအားနာနေရင် ဦးခေါင်းထက်ကိုပင့်လိုက်ပါ။

စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားလိုက်ပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အား ကိုယူတာပါ။ စိတ်ထဲမှာမြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။

အားလုံးပြီးရင် လက်အုပ်ကလေးချီ ထားတာလေးချပြီး အရဟံဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင်စိတ်ချမ်းသာလာပါလိမ့်မယ်။ မယုံရင် စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆို စိတ်ညစ်တာပျောက်သွားတာများပါတယ်။ ကိလေသာမကင်းသရွေ့တော့ စီတ်တွေက အခါအားလျှော်စွာ ညစ်နေရအုံးမှာပါ။

စိတ်ညစ်တာကိုစိတ်ညစ်တဲ့အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့နည်း တစ်ခုခုနဲ့ ပယ်ပစ်လိုက် နိုင်ဖို့ပါ။ ရေချိုးလိုက် တာကတော့ သိပ်ပြီးမခက်လှပါဘူး။ဒီနည်းကလေးကို အထုံအကျင့်လေးတစ်ခုလုပ်ထားလိုက်ဖို့ပါ။ စိတ်ညစ် လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော် မေတ္တာလေးပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာ လေး ပွားလိုက်နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင် လုပ်ထားရပါမယ်။

အဲ့ဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ်ပါတယ်။မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ်မကင်းတဲ့အပြုအမူတွေစွဲသွားတဲ့လူတွေအများကြီးပါ။တွေ့ဖူးမြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့လူက ကောင်းမြတ်တဲ့အကြံပေးရင်တော်ပါရဲ့ ၊ဘယ်လိုကဲလိုက်ပါလား၊ ၊ဘယ်လိုလုပ်လိုက်ပါလား၊ စသည်ဖြင့် အကုသိုလ်မကင်းတဲ့အကြံပေးလိုက်ရင်ကိုယ့်အတွက်အများကြီးနစ်နာသွားနိုင်ပါတယ်။

ကဲ ထားပါတော့ တစ်ယောက်ယောက်ဆီကိုဖုန်းဆက် အကြံ ဥာဏ်တောင်းလို့ ကိုယ်အကြံ ဥာဏ်တောင်း တဲ့ သူက လာခဲ့၊ ဘယ်ဆိုင်မှာ၊ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝလန်းစေရမယ် ဆိုပြီး လှမ်းခေါ်ပါပြီတဲ့ ၊ ခေါ်တဲ့အတိုင်း နေရာတစ်ခုခုမှာ ကဲနေပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စစိတ်က ပြန်ညစ်ရအုံးမှာပါ။

နောက်ဆုံး ကိုယ့်မှာအကုသိုလ် အပို ဖြစ်ရတာပဲအဖက်တင်တာပါ။ အဓိက ကတော့ ဘယ်လိုအာရုံပဲ ကြုံလာ ကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်သွားဖို့ပါ။ ဒါကိုကိုယ်က အလေ့အကျင့်ဖြစ်အောင် လေ့ကျင့် ၊လေ့ကျင့် ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူး ကြောင့်ကြစရာ မလိုတော့ပါဘူး။

ဘာပဲပြောပြော စိတ်ညစ်ရင်ရေချိုးလိုက်ပါ။ဒါဆိုရင်စိတ်ချမ်းသာလာပါ လိမ့်မယ်။
ရဝေနွယ်(အင်းမ)

စိတ်ညစ်ရင်ရေချိုးပါ(၁)


စိတ်ညစ်ရင်ရေချိုးပါ(၁)

တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ရှိပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တောအုပ်တစ်ခုကို ဖြတ်သန်းသွား ရမှာပါ။ အဲ့ဒီတောအုပ် ထဲမှာ သူခိုးတွေလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာတစ်ခုကသားအဖနှစ်ယောက်လာရင်သားကိုဖမ်းပြီးအဖေလုပ်သူကိုအိမ်ငွေပြန်ယူစေပါတယ်။ဆရာတပည့်လာရင်လည်းဆရာကိုဖမ်းပြီးတပည့်ကိုအိမ်ငွေပြန်ယူစေပါတယ်။

ဒီလုပ်ထုံး အစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက် ခရီးမထွက်ခင် အဖေလုပ်တဲ့သူက ''ငါ့သား ဓားပြ သူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော'' လို့မှာပါတယ်။
ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။ တွေ့တော့သားအဖ နှစ်ယောက်ကို ဖမ်းပြီး'' သင်တို့ ဘာတော်သလဲ'' လို့မေးတော့ သားလုပ်တဲ့သူက '' ဘာမှမတော်ဘူး'' လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက်တောအုပ်ထဲက ထွက်ခွင့်ရပြီး ရှေ့ကိုခရီးဆက်ခဲ့ရတယ်။ နားရမယ့်နေရာမှာ နားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့တစ်နေ့တာ သီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသား ပြောခဲ့တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး ''ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ '' ဆိုပြီးရပ်နေလျှက်ဝိပဿနာပွားလိုက်တာပစ္စေကဗုဒ္ဓါအရှင်မြတ်ဖြစ်သွားပါတယ်။(ငါးရာ့ငါးဆယ်၊ပါနိယဇာတ်) ရေချိုးလိုက်လို့တရားထူးတရားမြတ် ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမဲ့ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့ တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့အတွက် စိတ်ကော ရုပ်ကော ကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက် တရားအားထုတ်ရတာလည်း ပိုပြီး အဆင်ပြေသွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ပေးတာဆိုတော့ စိတ်ညစ်တာ လောက်တော့ အထူးပြောနေစရာမလိုတော့ ပါဘူး။

ဒါကဝတ္ထုသာဓကလေး ကို ကိုင်ပြောတာပါ။ စာနဲ့ကိုင်ပြောမယ်ဆိုရင်လည်း ဝိဘင်းအဋ္ဌကထာမှာ ပညာ ပွားကြောင်း(၇) ပါးကို ပြ ထားပါတယ်။ အင်္ဂါ(၇) ပါးမှာ ဒုတိယအဂါင်္က ဥာဏ်ပညာပွားဖို့အတွက် ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကိုလည်း အကျယ်ပြန့် ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်း လက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ် မှာ ချွေးတွေ ဂျီးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ် ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေမယ်၊ ဒါဟာ အတွင်းဝတ္ထုမသန့်ရှင်းတာပါ။
နောက် ကိုယ့်ရဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်၊ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန် ကျဲနေမယ်၊ စာအုပ်တွေ ပြန့်ကြဲနေမယ်၊ အမှိုက်တွေ ရှိနေမယ်၊ဒါဟာ အပြင်ဝတ္ထုမသန့်ရှင်းတာပါ။

အဲ့ဓီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဥာဏ်အမြင် မကြည်လင်တော့ ပါဘူး။ ဒါဆိုရင်နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။ ဒါကြောင့် ဆံပင်တွေရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာညှပ်၊ လျှော်စရာရှိတာလျှော်ပေးရပါမယ်။ခြေသည်းလက်သည်းတွေရှည်နေရင်ညှပ်ပေးရပါမယ်။

ခန္ဓာကိုယ် မှာ ချွေးတွေ ဂျီးတွေရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ် ထဲမှာ လေဆိုးတွေ အပူအပုပ်တွေ ရှိနေရင် နားလည်တဲ့ဆရာဝန် နဲ့ပြသပြီးဝမ်းသက်စေတဲ့ဆေးစားပြီးခန္ဓာကိုယ်ပေါ့ပါးအောင်လုပ်ပေးရပါမယ်။ဒါကအတွင်းဝတ္ထုသန့်ရှင်းတာပါ။

နောက် ကိုယ့်ရဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့အသက်ဆိုးတွေရှိနေရင် လျှော်ပေးရပါမယ်။ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေ လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ နေလှန်းပြီးပေးရပါမယ်။ ဒါက အပြင်ဝတ္ထုသန့်ရှင်းတာပါ။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေုရင် စိတ်ကြည်လာပါလိမ့်မယ်။စိတ်ကြည်လာရင် ဥာဏ်အမြင် ကြည်လာ တော့တာပါ။တရားအားထုတ်တဲ့ယောဂီကော၊စီးပွားရေးလုပ်နေတဲ့သူကော၊ ကျောင်သူ၊ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေအောင် ဂရုတစိုက်လုပ်ပေး နေရပါမယ်။ ရေချိုးပြီးမှ တရားထိုင်ရင် ဥာဏ်ပို ပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပို ပြီးကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ရဝေနွယ်(အင်းမ)