Sunday, 19 August 2012

ဆရာသ္မားများမိန့်သောကွက်လပ်များ


ဆရာသ္မားများမိန့်သောကွက်လပ်များ
ဆရာဆုံးမ သြ၀ါဒတွေ၊ ဆရာ့ ကိုယ်စား မှတ်သားကာနေ။
ဦးထိပ်ရွက်လို့ ငါတို့ရိုသေ၊ တစ်သက်လုံး ကျင့်သုံးခံယူမလေ။

ငယ်စဉ်က စာဝါချရင်း ဆရာသမား နှုတ်တိုက်ချပေးခဲ့သော သြ၀ါဒလင်္ကာလေးကို အမှတ် ရမိသည်။ ဘ၀မှာ ဆရာသမားများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကျေးဇူးပြုခဲ့သည်ဟု ယုံကြည်မိသည်။ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော-အမှန်တရားကို သိဖို့အတွက် (၀ါ) ယဉ်ကျေးလိမ္မာသောသူတော်ကောင်းများဖြစ်ဖို့အတွက်ဆရာသမားကို ရှာမှီးဆည်းကပ်ရမည်ဟု ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ဆရာမမှီး၊ဒို့ခရီးသည်၊မီးဆိုမှမီး-ဟု ဆိုရလောက်အောင် အမှန်တရားကို လမ်းညွှန်ပြသပေးမည့် ဆရာသမားကို မရှာမှီးဘဲ (၀ါ) ဆရာ ရှာရမည့်အရေးမှာ ဖင့်နှေးပျင်းရိကြလျက် ငါ့မြင်း ငါဆိုင်း၊ စစ်ကိုင်းရောက်ရောက်-ဆိုပြီး ကိုယ်ထင်ရာ ကို ကိုယ်စိုင်းနေကြတဲ့ ပုထုဇဉ်လူသားတို့၏ဘ၀သည် မွေးကတည်းက မီးကို အဖော်ပြုလျက် ကြီးပြင်း ကြရသည်။ အူဝဲ-ဟု အော်မြည်ခြင်းသည် ဘ၀ကို သောကမီးဖြင့် အစပြုခြင်းပင် ဖြစ်ပေသည်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက ဆရာရှာဖို့ အပူတပြင်း တိုက်တွန်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မိမိတို့သည်ဘွဲ့ဒီဂရီတွေကိုတပ်မက်မှုမရှိဘူးဆိုရင်တောင်မှB.A,M.A,PhD,ဘွဲ့တွေကိုရယူလိုသောကြောင့် နိုင်ငံခြားသို့ ပညာသင်ထွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုလျှင် ယေဘုယျအားဖြင့်တော့ မှန်ကန်လိမ့်မည်ဟု ထင်မိသည်။  လက်ဆုပ်လက်ကိုင်ပြစရာကလဲ ဒီဘွဲ့တံဆိပ်တွေဘဲ ရှိတာမဟုတ် လား။ နိုင်ငံခြား ပညာသင်သွား မည်ဆိုတော့ တစ်ချိန်က ဆရာသမား မိန့်ကြားခဲ့ဖူးသော သြ၀ါဒကို အမှတ်ရမိသည်။ တပည့်ဖြစ်သူ ရရှိခဲ့သော ဘွဲ့တွေကို လက်ချိုးရေတွက်ရင်း မဖြစ်မနေရယူရန် လိုအပ်နေသော ဘွဲ့ကို အမိန့်ရှိခဲ့ဖူးသည်။
၁။ ယူရန်ကျန်သော ဘွဲ့တစ်ခု၊ တရားနာမှု၊ စာသင်မှု၊ သုတ၀ါ ဘွဲ့တစ်ခု။
၂။ယူရန်ကျန်သောဘွဲ့တစ်ခု၊ခန္ဓာဖြစ်ပျက်မြင်အောင်ရှု၊ပည၀ါဘွဲ့တစ်ခု။ ၃။ယူရန်ကျန်သောဘွဲ့တစ်ခု၊အာသဝေါကုန်အောင်ရှု၊အာသ၀က္ခယဘွဲ့တစ်ခု၊ ဒုက္ခက္ခယဘွဲ့တစ်ခု၊                ပစ္ဆိမဘ၀ိက ဘွဲ့တစ်ခု၊ ရဟန္တာဘွဲ့တစ်ခု။
နံပါတ်တစ်သည် စားလိုက် အိပ်လိုက်လုပ်နေသူများ စယူရမည့် ပရိယတ္တိဘွဲ့ဖြစ်သည်။ တရား နာခြင်း၊ စာသင်ခြင်းသည် ပရိယတ္တိဘွဲ့အတွက် အားထုတ်နေကြခြင်းဖြစ်ပေသည်။ နံပါတ် နှစ်သည် ပရိယတ္တိဘွဲ့ရပြီးသူများ ယူရန်ကျန်သည့် ပဋိပတ္တိဘွဲ့ဖြစ်သည်။ ခန္ဓာ၏ အဖြစ် အပျက်ကို မြင်အောင် ရှုခြင်းသည်(၀ါ)၀ိပဿနာဉာဏ်ပညာဖြစ်အောင်အားထုတ်ခြင်းသည်ပဋိပတ္တိဘွဲ့အတွက်အားထုတ် နေခြင်းပင် ဖြစ်သည်။ နံပါတ်သုံးသည် အရိယာဖြစ်ပြီးသူများ ဆက်ယူရမည့် ပဋိဝေဓဘွဲ့ ဖြစ်ပေသည်။ သောတာပန်မှသည် သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဖြစ်သည်တိုင်အောင်(၀ါ)လောဘ၊ဒိဋ္ဌိ၊မောဟလို့ဆိုတဲ့အာသဝေါတရားတွေကုန်ခမ်းသည့်တိုင်အောင် အားထုတ်ခြင်းသည် ပဋိဝေဓဘွဲ့ အတွက် ဆက်လက်အားထုတ်နေခြင်းဖြစ်ပေသည်။
ရဟန္တာဟူသည် ပဋိဝေဓ၏ နောက်ဆုံးဘွဲ့ဖြစ်သည်။
သောတာပန်ဟူသည် ပဋိဝေဓ၏ အစဆုံးဘွဲ့ဖြစ်သည်။
ခန္ဓာကို သုံးသပ်ခြင်းသည် ၀ိပဿနာ၏ အစဆုံးဘွဲ့ဖြစ်သည်။
စာသင် တရားနာ သုတ၀ါသည် သာသနာ၏ အစဆုံးဘွဲ့ဖြစ်သည်။
အစဟူသော ပရိယတ္တိဘွဲ့၊ အလယ်ဟူသော ပဋိပတ္တိဘွဲ့၊ အဆုံးဟူသော ပဋိဝေဓဘွဲ့တို့ကို သိရခြင်းအားဖြင့် ကိုယ်လျှောက်လှမ်းနေသော လမ်းခရီး၌ (၀ါ) သာသနာတော်၌ ငါသည် အဘယ်မျှ ခရီးပေါက်၍ အဘယ်နေရာ၌ ခရီးထောက်နေသည်ဟု မိမိကိုယ်ကို မိမိ သိမြင်နိုင်ပေသည်။ ဗုဒ္ဓမြတ်စွာကလည်း= ဘိက္ခု ၀ိဿာသ မာပါဒိ၊ အပ္ပတ္တော အာသ၀က္ခယံ- အာသဝေါ တရားတွေ မကုန်ခမ်းသေးဘဲ ကြားဘွဲ့တို့ဖြင့် ရောင့်ရဲတင်းတိမ်မနေကြဘဲ အာသ၀က္ခယဘွဲ့ ရသည် အထိ ကြိုးစားကြပါဟု တိုက်တွန်းစကားမိန့်ကြားတော်မူခဲ့သည်။ဆရာသမားမိန့်ကြားခဲ့သောဒီသြ၀ါဒစကားတွေကို ပြန်လည်အမှတ်ရမိတော့ မိမိကိုယ်ကို ရှက်သလိုလို ခံစားမိလာသည်။ ပြီးတော့ မိမိတို့တတွေ မဖြစ်မနေ ယူရန်ကျန်နေသော ဘွဲ့များကိုလည်း အမှတ်ရလာမိသည်။ ဆရာသမားသည် တပည့်ဖြစ်သူ၏ လစ်လပ်နေသောကွက်လပ်ကို အမြဲတမ်းအမှတ်ရစေရန် ဖြည့်ပေးလိုက်ခြင်း ဖြစ်ပေ သည်။
လောင်စာကို အမှီရသော မီးသည် တဟုန်းဟုန်း တောက်လောင်၏။
အိုင်ကို အမှီရသောမြစ်သည် တသွင်သွင် စီးဆင်း၏။
နေကို အမှီရသော လောကသည် လင်း၏။
ဘုရားကို အမှီရသော ပုထုဇဉ်သည် အရိယာဖြစ်၏။
ဆရာကောင်းကို အမှီရသော တပည့်သည်
ထက်မြက်၏။ တော်၏။ တိုးတက်၏။
ဆရာ့ခြေရာကို နင်းနိုင်၏။
ထို့ကြောင့်ပင် ဗုဒ္ဓကိုယ်တော်တိုင် ဆရာကောင်းကို ရှာဖွေဖို့ အပူတပြင်း တိုက်တွန်း ခဲ့ခြင်းဖြစ် ပေလိမ့်မည်။ လောက၌ နေရာတိုင်းမှာ လိုအပ်နေတဲ့ ကွက်လပ်တွေ ဟာကွက်တွေဆိုတာ ရှိမြဲဓမ္မ တာဖြစ်သည်။
မီးလိုမကျင့်နဲ့၊ရေလိုကျင့်တဲ့။ဆိုရိုးစကားတစ်ခုကြားဖူးသည်။မီးသည်ပူလောင်သည်။ လောင်ကျွမ်းပြီဆိုလျှင်လဲ ဘယ်အရာမှ မတားဆီးနိုင်။ မရှောင်မကွင်း နီးစပ်ရာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ ဒါကြောင့် မီးလိုမကျင့်နဲ့ဟုဆိုခဲ့ခြင်းဖြစ်သည်။ရေသည်မီးနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။အေးမြသည်။စီးဆင်းရာတွင်လည်း လိုအပ်နေသောချိုင့်ဝှမ်းစသောကွက်လပ်များကိုဖြည့်ဆည်းလျက်တုံးတိုင်စသော ရှောင်သင့်သည်များကို ရှောင်ကွင်းကာ စီးဆင်း လေသည်။ ဒါကြောင့် ရေလိုကျင့်ဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပေသည်။ မိမိတို့တို့လဲ လောကကြီးရဲ့ ကွက်လပ် တွေကို ဘယ်လောက်ဖြည့်စွမ်းနိုင်ပြီလဲ။ လောကကြီးနဲ့ ပက်သက်ပြီးတော့ မီးလို ကျင့်နေတာလား၊ ရေလိုကျင့်နေတာလားဆိုတာ ပြန်လည်စဉ်းစားရမည်ဖြစ်သည်။ လောလောဆယ်တော့ မိမိမှာ လိုအပ် နေတဲ့ ကွက်လပ်တွေကို အရင်ဖြည့်နိုင်အောင် ကြိုးစားနေရဆဲဖြစ်သည်။
ဆုံးမသမျှ နားထောင်၊ ကျန်းမာအောင် သတိပြု၊
သိမှုအတွက် ကြိုးစား၊ ၀တ္တရား ကျေပြွန်စေ၊
ကွက်လပ်တွေ မရှိစေနဲ့-တဲ့။
ဘ၀နတ်ထံစံလွန်တော်မူပြီးစစ်ကိုင်းသုဗောဓာရုံဆရာတော်ဘုရားကြီး၏သြ၀ါဒစကားကိုလဲ ပြန်လည်သတိရမိသည်။ ကွက်လပ်တွေ(ဟာကွက်တွေ) မရှိစေနဲ့ဟု ဆုံးမတော်မူခဲ့သည်။ လောကလူသားတိုင်းမှာ တာဝန်ဝတ္တရားတွေ ကိုယ်စီရှိကြသည်။ မိဘ၀တ္တရား၊ သားသမီးဝတ္တရား၊ ဆရာသမား ၀တ္တရား၊ တပည့်ဝတ္တရား စသည်ဖြင့်ပေါ့။ ၀တ္တရားတွေကို ကိုယ်ဆီကိုယ်ငှ ကျေပြွန်မှသာ ကွက်လပ်ဆိုတာ မရှိမှာဖြစ်သည်။ ဒါကြောင့် ဆရာက ကွက်လပ်ဖြည့်ပါဆိုပြီးတော့ နောက်ထပ်သြ၀ါဒ စကားတစ်ခွန်းကို ထပ်ဆင့် မိန့်ကြားခဲ့လေသည်။
ဘ၀မှာ ဆင်းရဲနေသလား။
ဝမ်းမနည်းပါနဲ့။ ချမ်းသာကိန်းရှိတယ်။ ကောင်းမှုသာလုပ်ပါ။
ချမ်းသာနေသလား။ မာန်မတက်ပါနဲ့။ စီးပွါးပျက်ကိန်းရှိတယ်။
ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ ရှိနေသေးလို့ပါ။
လူဟာ အမြဲမကောင်းခဲ့လို့ အမြဲ မချမ်းသာဘူး။
အမြဲမဆိုးခဲ့လို့ အမြဲမဆင်းရဲဘူး။
မမြဲခဲ့တာ ကံကြမ္မာ။ မမြဲနိုင်တာ ခန္ဓာ။
တည်မြဲနိုင်တာ နိဗ္ဗာန်။ ၄င်းနိဗ္ဗာန်သည် သတိမြဲမှ တွေ့မယ့်တရားဖြစ်သည်။
သိုးတဲ့ထမင်းဟာ ပြန်မကောင်းနိုင်ပေမဲ့ ဆိုးတဲ့မင်းဟာ ပြန်ကောင်းနိုင်ပါသည်။
ပြင်ဘို့သာ သတိရဖို့ လိုအပ်ပါသည်။
ပစ္စုပ္ပန်ဆိုတာ အတိတ်မဟုတ်ဘူး။
ခု ကောင်းနေရင် သမိုင်းဆိုးဆိုတာ မရှိဘူး။
အချိန်ဆိုတာ ပြင်ဆင်ခွင့်တွေပါ။
ဒုက္ခရောက်ချိန်တွေ မဟုတ်ဘူး။
ဒုက္ခရောက်ရင်လဲ သံဝေဂရလိုက်ရုံပေါ့။
ဒုက္ခဆိုတာ အတိတ်ကံကို မရှောင်နိုင်ပေမဲ့ နောင်ရှောင်ကြဉ်နိုင်ဖို့ အချက်ပြ မီးကျည်ပါ။
ဒုက္ခကို သိမှ ဒုက္ခမှ လွတ်ချင်မယ်။
ဒုက္ခက လွတ်ချင်မှ ဒုက္ခလွတ်ကြောင်းကို ကျင့်မယ်။
ဒုက္ခဆိုတာ ဆင်းရဲလို့ အများက အဆိုးမြင်နေကြပေမဲ့ ပညာရှိသူတော်ကောင်းတွေကတော့ နိဗ္ဗာန် သွားသွားလို့ တွန်းလွှတ် နေတဲ့ တရားတဲ့။
ဗုဒ္ဓအဆူဆူ မိန့်တော်မူခဲ့တာက ဒုက္ခဟူ၍ ရှုကြ သိကြ-ဟူ၍ဖြစ်သည်။
သုခလို့ ရှုမိရင် လုကြလိမ့်မယ် သူရ ငါရ။
လုတာက တဏှာ။
ရတာက ခန္ဓာ။
လည်မှာက တစ်သံသရာ။
စံစရာမပြီး ကံကြမ္မာခရီး။
လိုအပ်မှုတွေ များစွာရှိရင် ဖြည့်စွက်မှုတွေ များစွာရှိရမယ်။
များစွာဆိုပေမဲ့ လိုအပ်တာက ကောင်းကျိုးတစ်ခုထဲပါ။
ဖြည့်စွက်ရမှာလဲ ကောင်းမှုတစ်ခုထဲပါ။
ဒါကြောင့် တစ်ခုဆိုတာ လိုတာကုသိုလ်ပါ။
အမျိုးမျိုးလိုတယ်လို့ အထင်မမှားလိုက်ပါနဲ့။
စစ်ရှုံးတယ်ဆိုပေမဲ့ မသေသေးရင် နိုင်အောင်ပြန်တိုက်နိုင်တယ်။
ကောင်းမှုပြုဖို့ စိတ်ဝင်စားသေးရင် (၀ါ) သဒ္ဓါတရား မသေသေးရင် ဆုံးရှုံးမှုတွေအားလုံး အလျော်ပြန်ရနိုင်ပါတယ်။
အကုသိုလ်ဆိုတာလဲ စိတ်ကလေးနဲ့ လုပ်ရတာ။
ကုသိုလ်ဆိုတာလဲ စိတ်ကလေးနဲ့ လုပ်ရုံပါဘဲ။ ဘာပင်ပန်းတာမှတ်လို့။
ခါချဉ်ကောင်ကို တောင်ထမ်းပြီး လမ်းလျောက်ကျင့်ခိုင်းသလောက် မခက်ပါဘူး။
သူ့အတွက်လို့ ထင်နေလို့ နစ်နာတယ် ထင်နေတာပါ။
ကိုယ့်အတွက်လို့ မြင်ရင်
သိန္ဓောမြင်း အရိုက်ရလွတ် ပြေးသလို
အခိုင်းရလွတ် လုပ်ကြမှာ မလွဲပါဘူး။

လူတစ်ယောက်မှာ ကံပိုင်းနှင့် ဉာဏ်ပိုင်းဆိုပြီးတော့ အပိုင်းနှစ်ပိုင်းရှိသည်။ ထိုနှစ်ပိုင်းအနက် ကံပိုင်းမှာလဲ ကွက်လပ်တွေရှိသည်။ ဉာဏ်ပိုင်းမှာလဲ ကွက်လပ်တွေရှိသည်။ ဒီကွက်လပ်တွေသည် မိမိတို့တတွေ နေ့စဉ် ဖြည့်ဆည်းရမဲ့ ကွက်လပ်တွေပဲဖြစ်သည်။ ဟာကွက်တွေပဲ ဖြစ်သည်။
သံပုရာရည်ဖက်၍ အသံကောင်းသလော။ မေတ္တာအမှန်ဖက်၍ အသံကောင်းသလော။ လူမှာ အ၀တ်။ တောင်းမှာ အကွပ်။ မယုံရင် ချွတ်ကြည့်။ အ၀တ်ရှိမှ အဆင်းလှသည်။ အ၀တ်လှူမှ အဆင်း လှသည်။အ၀တ်ကိုလှူခြင်းသည်အဆင်းလှဖို့အတွက်လိုအပ်နေတဲ့ကွက်လပ်ကို ဖြည့်ဆည်းလိုက် ခြင်းဖြစ်သည်။ ယာဉ်မပါလျှင် သွားလာရာ၌ ခက်ခဲသည်။ ခြေလျင်သွားကြည့်မှ တကယ်ခက်ခဲမှန်း ပို သိသာသည်။
ဆင်းရဲမှန်းသိချင်ရင် ခြေလျင်သွား။
ဖိနပ်ချွတ်ထား။
ဖိနပ်စီးသွား ယာဉ်စီးသွား အသွား ချမ်းသာသည်။
ချမ်းသာတရား လှူလိုငြား ယာဉ်အား လှူရသည်။
လှည်း ယာဉ် ရထား၊ ဆိုင်ကယ် ကားနှင့် စီးသွားဖို့ရာ စရိတ်ပါ၊
တဖြာ ဖိနပ် ယာဉ်လှူမည်။
ချမ်းသာဖို့အတွက် လိုအပ်နေတဲ့ကွက်လပ်သည် ယာဉ်အလှူဒါနဖြစ်ပေသည်။
မျက်စိလဲပါ အမှောင်ထဲမှာဘာမှမမြင်ရာ။အရောင်သာ မျက်စိ အလှူတည်း။ မျက်စိကောင်းဘို့အတွက် အလင်းရောင်ကို လှူဒါန်းခြင်းဖြင့် ကွက်လပ်ဖြည့်ပါဟု ဆိုလိုသည်။ ဤကား ကံပိုင်းဆိုင်ရာ ကွက်လပ်များကို ဖြည့်နည်းတစ်စိတ်တဒေသဖြစ်သည်။ မိမိ၏ဘ၀မှာ ကံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုရင်တော့ မိမိမှာလဲ ဖြည့်စွက်စရာ ကွက်လပ်တွေ များစွာ ရှိနေသေးသည်ဟု သဘောပေါက်ပြီး ယင်းကွက်လပ်ကို ကောင်းမှုဖြင့် ပြည့်အောင်ဖြည့်ရန်မှ တစ်ပါး အခြားနည်းလမ်းရှိမည်မဟုတ်ပေ။
ကံပိုင်းဆိုင်ရာမှာ လိုအပ်နေတဲ့ ကွက်လပ်တွေရှိသလို ဉာဏ်ပိုင်းဆိုင်ရာမှာလဲ လိုအပ်နေတဲ့ ကွက်လပ်တွေလဲ ရှိသည်။ မှောင်သွားရင် ဘာမှမမြင်ဟု အများက ဆိုကြသည်။ မှောင်သွားလို့ကို အမှောင်ကို မြင်နိုင်တာကိုတော့ သတိမမူဖြစ်တတ်သည်။ ကိလေသာအမှောင်ဖုံးရင် ဘာမှမမြင်တော့ ဘူးဟု အများက ဆိုကြပြန်သည်။ အမှန်တော့ ကိလေသာကိုတော့ မြင်နိုင်ပါသေးသည်။ မျက်စိဆိုတာ မြင်တဲ့ အလုပ်ကို လုပ်သလို ဉာဏ်ဆိုတာလဲ မြင်တဲ့အလုပ်ကိုဘဲ လုပ်ပါသည်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာ က- ယဒါ ပညာယ ပဿတိ-ဟု ဟောခဲ့ခြင်းဖြစ်ပါသည်။ ပညာယ န ပဿတိ-ဟု ဘယ်ဘုရားမှ မဟောခဲ့ပေ။ စောင်ခြုံထားတဲ့လူကို မမြင်နိုင်ပေမဲ့ လူကို ခြုံထားတဲ့စောင်ကို မြင်နိုင်သလိုပဲ ဖြစ်ပါ သည်။ ကြည့်သမျှ မြင်သည်။ မြင်နေသမျှ မကန်းပါ။ ဤကား ကြည့်ခြင်းဖြင့် အကန်းဆိုတဲ့ ကွက်လပ်ကို ဖြည့်ခြင်း ဖြစ်ပါသည်။ ရေကို ယုံတယ်ဆိုတာ တိမ်တယ် နက်တယ်လို့ ယုံတာမဟုတ်။ ကူးရင် ဟိုဘက်ကမ်းဆိုတာရှိတယ်လို့ ယုံခြင်းဖြစ်သည်။ ထို့အတူပင် ခန္ဓာကို ယုံတယ်ဆိုတာလဲ အို နာ သေလို့ ယုံခြင်းမဟုတ်။ ရှုသူအတွက် ခန္ဓာချုပ်ရာ နိဗ္ဗာန်ဆိုတာ တကယ်ရှိတယ်လို့ ယုံတာကို ဆိုလိုခြင်းဖြစ်သည်။ နိဗ္ဗာန် ဆိုတာ မရောက်ဖူးသူအတွက် ကွက်လပ်ဖြစ်နေပေမဲ့ ခန္ဓာကို ရှုသူအတွက် ရှုခြင်းဖြင့် ကွက်လပ်ဆိုတာ မရှိ။ ပြည့်လေပြီ။ ကမ္ဘာမြေကြီး ကျယ်တယ်ဆိုပေမဲ့ ပင်လယ်ကမ်းစပ် ထက် ပိုကျယ်လို့ မရသလို ပင်လယ်ကြီး ကျယ်တယ်ဆိုပေမဲ့လဲ ကမ္ဘာမြေစပ်ထက် ပိုကျယ်လို့ မရပေ။ ကောင်းကင်ကျယ်တာကမှ ကမ္ဘာမြေပြင်ကော ပင်လယ်ရေပြင်ကော လွှမ်းခြုံပြီးတော့ ကျယ်သည်။ ထို့အတူပါပင် တဏှာ ကျယ်တယ်ဆိုတာက အာရုံခြောက်ပါးလောက်သာ ကျယ်နိုင်သည်။ နိဗ္ဗာန်အထိ လိုက်မကျယ်နိုင်ပါ။ ပညာကျယ်တာကမှ တစ်လောကလုံးကိုလဲ ဒုက္ခ၊ သမုဒယလို့ လိုက်မြင်နိုင်သည်။ လောကချုပ်ရာကိုလဲ နိရောဓလို့ လိုက်မြင်နိုင်သည်။ ပညာဆိုတာက မဂ္ဂသစ္စာပင်ဖြစ်သည်။ ကျဉ်းမြောင်းတဲ့အမြင်ကွက်လပ်ကို ပညာဖြင့် ဖြည့်လိုက်ခြင်းပင်ဖြစ်တော့သည်။
နိဗ္ဗာန်ကို မမြင်တာ ငါ မစင်လို့ဖြစ်သည်။
ငါ မစင်တာ ခန္ဓာမမြင်လို့ဖြစ်သည်။
ခန္ဓာမမြင်တာ တရားမနာလို့ဖြစ်သည်။
တရားမနာတာ ဆရာမရှာလို့ဖြစ်သည်။
ဆရာမရှာတာ မာနကြီးနေလို့ဖြစ်သည်။
ကိုယ့်ဘ၀မှာ ဟာကွက်ဖြစ်နေတဲ့ နိဗ္ဗာန်ကို လိုချင်လျှင် မာန်မာနကိုလျော့၍ ဆရာကို ရှာရ မည်။ ဆရာကို ရှာခြင်းသည် နိဗ္ဗာန်ဆိုတဲ့ဟာကွက်ကို ဖြည့်စွက်ခြင်းပင်ဖြစ်သည်။ သန္ဓေလွယ်မွေးမဲ့ မိခင်မရှိပဲ သားမမွေးနိုင်သလို၊ ဆရာမရှိပဲ သောတာပန်တပည့်မဖြစ်နိုင်။ ထိုဟာကွက်ကို ကိုယ်တိုင် ဖြည့်လို့မရ။ ဆရာဖြည့်မှ ပြည့်နိုင်သည်။ မိမိမဖြစ်နိုင်တဲ့ ကွက်လပ်က သောတာပန်။ ထိုကွက်လပ်၌ ဆရာကို ရှာ၍ ဖြည့်ရမည်ဖြစ်သည်။ ဤသို့ ဉာဏ်ပိုင်းဆိုင်ရာ ဟာကွက်များကိုလည်း ဖြည့်နည်းများ နှင့်တကွ ဆရာသည် မိန့်ဆိုခဲ့လေသည်။
ဆရာ၏သြ၀ါဒစကားတွေကို ကြားရတော့ ငါ့မှာ ဟာကွက်(ကွက်လပ်)တွေက များလှချည် လားဟု သိမြင်လာရသည်။ တဆက်တည်းဆိုသလိုပင် ဘောလုံးပွဲကို သတိရမိသည်။ အခြား ပြိုင် ဘက်အသင်း၏ ဟာကွက်ကွက်လပ်တွေကို မြင်မှသာလျှင် အဲဒီအသင်းကို မိမိတို့ အနိုင်ရဖို့ လွယ်ကူ လိမ့်မည်။ ထို့အတူ မိမိအသင်း၏ ရှေ့ နောက် လယ် အသီးသီးမှာရှိတဲ့ ဟာကွက်တွေကို သိရှိလျက် ပြင်ဆင်နိုင်မှသာလျှင် ပြိုင်ဘက်အသင်း၏ အနိုင်ယူမှုကို မခံရမှာဖြစ်သည်။ ပြိုင်ဘက်အသင်းကို အနိုင်ယူနိုင်မှာ ဖြစ်သည်။ ဘ၀သည် ဘောလုံးအသင်းတစ်သင်းဆိုလျှင် မိမိဘ၀၏ ရှေ့နောက်လယ် (၀ါ) ကံသုံးပါး (၀ါ) ကံပိုင်းနှင့်ဉာဏ်ပိုင်းအားလုံးတို့၌ ဟာကွက်(ကွက်လပ်)တွေ မရှိအောင် ဖြည့် ဆည်းထားရမည်ဖြစ်သည်။ ဒီလိုမှမဟုတ်ရင်တော့ ရှုံးပြီးရင်းရှုံးနေတဲ့ ဘောလုံးအသင်းလို  အမြဲတမ်း ရှုံးနေသော ဘ၀ပိုင်ရှင်သာဖြစ်နေပေလိမ့်မည်။ စာမေးပွဲ၌ ကွက်လပ်ဖြည့်ပါဟူသော မေးခွန်းကို ကွက်လပ်မဖြည့်ပဲ ထားခဲ့ပါက စာမေးပွဲကျရုံကလွဲ၍ ကြီးမားသော ဆုံးရှုံးမှုမဖြစ်နိုင်သော်လည်း (စာမေးပွဲ ကျပါက နောက်တစ်ခါ ပြန်ဖြေဆိုခွင့်ရှိသေးသည်) ဘ၀မှာ ဟာနေတဲ့ ကွက်လပ်တွေကို မဖြည့်ဆည်းပဲ ထားမယ်ဆိုရင်တော့ ရရှိလာမဲ့ ဆိုးကျိုးသည် တစ်ဘ၀လုံးစာအတွက်လဲ ဖြစ်သွားနိုင် သည်။ တစ်သံသရာလုံးစာအတွက်လည်း ဖြစ်သွားနိုင်သည်။
ကိုယ်စီကိုယ်စီ ဟာကွက်တွေ ကွက်လပ်တွေ ရှိကြပါသည်။ ကိုယ့်ရဲ့ လစ်လပ်နေတဲ့ ဟာကွက် ကွက်လပ်တွေကို ကိုယ်သာအသိဆုံးဖြစ်ပါလိမ့်မည်။ သတိမရှိလို့ မသိခဲ့ရင်တောင်မှ သတိနဲ့ကြည့်၍ သိ အောင်လုပ်ရမည်ဖြစ်သည်။ ကွက်လပ်တွေကို သိပြီးရင်တော့ ကွက်လပ်တွေ မရှိအောင် ကြိုးစားအား ထုတ်ရမည်ဖြစ်ပေသည်။
ကွက်လပ်များ ဖြည့်နိုင်ကြပါစေ။

ဗုဒ္ဓဘာသာဝင်တို့၏ဝါဆိုလ


ဗုဒ္ဓဘာသာဝင်တို့၏ဝါဆိုလ
ဝါဆိုလသည်ဗုဒ္ဓဘာသာဝင်တို့အတွက်ထူးမြတ်သောလဖြစ်၏။ဝါဆိုလပြည့်နေ့မှာဘုရားအလောင်း တော်သည်နတ်ဗြဟ္မာအပေါင်းတို့တောင်းပန်မှုကြောင့်မယ်တော်၏၀မ်း၌ပဋိသန္ဓေနေတော်မူခဲ့၏။အိုနာသေရေးဒုက္ခဘေးတို့မှကင်းလွတ်ရာဖြစ်သောတရားထူးကိုရှာရန်တောထွက်တော်မူခဲ့၏။ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုသောနတ်ဗြဟ္မာအပေါင်းတို့အားဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့၏။ထို့ကြောင့်‘’သန္ဓေ၊ တောထွက်၊ဓမ္မစက်၊ ဟောမြွက်လ၀ါဆို’’ဟုအဆိုရှိခဲ့ပေသည်။ဘုရားရှင်၏ တပည့်သားသံဃာတော်များသည် ၀ါဆိုလပြည့်ကျော် တရက်နေ့မှာ ၀ါဆိုဝါကပ်ကြ၍ ဗုဒ္ဓတရားတော်များကို သင်ယူပို့ချ ဟောပြခြင်း ပရိယတ္တိ၊ ကိုယ်တိုင်ကျင့်ပွါး အားထုတ်ခြင်း ပဋိပတ္တိတို့ကို ပြုလုပ်ကြ၏။ ထို့အတူပင် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့သည်လည်း ဗုဒ္ဓ ဓမ္မ သံဃာ့ဂုဏ်ကို အာရုံ ပြုကာ ဒါန သီလ ဘာဝနာအလုပ်အားထုတ်လျက်ကုသိုလ်တရားပွားများကြရပေ၏။ဝါဆိုသင်္ကန်းကပ်လှူဒါန်းဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည်အထူးသဖြင့်ဝါတွင်းကာလမှာပင်ဥပုသ်သီတင်းဆောက်တည်ကြခြင်း၊ဗုဒ္ဓဂုဏ်တော်များပွားများခြင်း၊ဆွမ်းတော်ပန်းတော် ရေချမ်းတော်တို့ဖြင့်ကပ်လှူပူဇော်ကြခြင်း၊မြတ်စွာဘုရားပဌမဦးစွာဟောကြားတော်မူခဲ့သောဓမ္မစကြာပါဠိတော်တို့ကို ရွတ်ဆိုပူဇော်ကြခြင်း၊သံဃာတော်အရှင်မြတ်တို့အားဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊တရားတော်များနာယူကြခြင်း စသောကုသိုလ်ကောင်းမှုမျိုးစုံတို့ကိုပြုခွင့်ရကြပေသည်။အထူးသဖြင့်ဝါဆိုဝါကပ်ကြသောသံဃာတော်များကို ‘’သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ ဣမံ ၀ဿဝါသိကစီဝရံ သံဃဿ ဒေမ’’ -  တပည့်တော်တို့ သည် သံသရာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်း အကျိုးငှါ ဤ၀ါဆိုသင်္ကန်းကို သံဃာတော် အရှင်မြတ်တို့ အား ဆက်ကပ်လှူဒါန်းကြပါကုန်၏၊ဟုရွတ်ဆိုကာလှူဒါန်းကြသည်။
ဝါဆိုသင်္ကန်းဟူသည် ၀ါတွင်းကာလမှာ ဖြစ်စေ၊ ၀ါဆိုခါနီး ကာလမှာဖြစ်စေ ကျောင်းတိုက်တစ်တိုက် သို့မဟုတ် နေရာ တနေရာ၌ ၀ါဆိုဝါကပ်ကြသော သံဃာများအား လှူဒါန်းအပ်သော သင်္ကန်းဖြစ်၏။ သံဃာတော် အရှင်မြတ်များသည် ဘုရားရှင်၏ အမိန့်တော်အရ ၀ါတွင်းသုံးလ မိုးကာလ၀ယ် အရပ်ဒေသ အသီးသီးသို့ ခရီးမသွားရတော့ဘဲ တနေရာတည်းမှာ သီတင်းသုံး၍ ပရိယတ် ပဋိပတ်တရားများကို အားထုတ်ကြရ၏။ ဤကဲ့သို့ အားထုတ်ကြသော သံဃာတော်များအား မိမိတို့ လှူအပ်သော သင်္ကန်းကို ၀တ်ရုံ သုံးစွဲကာ အားထုတ်နိုင်ကြပါစေဟူသော  ရည်ရွယ်ချက်ဖြင့် လှူဒါန်းကြခြင်းဖြစ်၏။

သင်္ကန်းလှူရကျိုးဖလကား
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းသည် ဘယ်လိုအကျိုးထူးများ ရနိုင်ပါသနည်းဟု မေးကြပါ၏။ အမှန်မှာ ၀ါဆိုသင်္ကန်းပဲဖြစ်စေ ရိုးရိုးသင်္ကန်းပဲဖြစ်စေ လှူဒါန်းကြရခြင်းသည် ထူးမြတ်သော အကျိုးရှိပေ၏။ သင်္ကန်း သည် အရဟတ္တဓဇ - ရဟန္တာအရှင်မြတ်များ၏ အောင်လံ တံခွန်သဖွယ် ဖြစ်သော ပစ္စည်းဖြစ်၏။ ပုဂ္ဂိုလ် တဦးတယောက်သည် လူဝတ်ကြောင်ဘ၀ဖြင့် တရားထူးရကာ ရဟန္တာဖြစ်သွားပါလျှင် လူဘ၀ဖြင့် ဆက်လက် မတည်နိုင်ပါ။ သင်္ကန်းဝတ်ဖြင့် နေမှသာလျှင် ဆက်လက်အသက်ရှင်နိုင်ပါ၏။ သို့မဟုတ်လျှင် ရဟန္တာဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံရတော့၏။ ရဟန္တာဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံရသည်တော့မဟုတ်ပါ ရဟန္တာ၏ မြင့်မြတ်သောဂုဏ်ကို လူဝတ်ကြောင်(လူ့အ၀တ်)ကမထိန်းနိုင်သောကြောင့်သာဖြစ်ပေသည်။
ရဟန္တာ၏မြင့်မြတ်သောဂုဏ်ကိုထိန်းပေးနိုင်သောအရဟတ္တဓဇရဟန်းတော်တို့၏ အောင်လံသဖွယ်ဖြစ် သော မြတ်သောသင်္ကန်း၊ ထိုသင်္ကန်းကို မိမိတို့ကိုယ်တိုင် လှူဒါန်းကြရခြင်းသည် ထူးမြတ်သော ကောင်းသော အကျိုးကို ရရှိနိုင်၏။ သင်္ကန်းဟူသော လှူဘွယ်ပစ္စည်းသည် သာသနာတော်နှင့်ကြုံမှ လှူခွင့် ရသော ပစ္စည်းဖြစ်။ သာသနာပ အခါကာလများ၌လှူခွင့်မရနိုင်ပါ။ထို့ကြောင့်ဝါဆိုသင်္ကန်းဖြစ်စေ၊ကထိန်သင်္ကန်းဖြစ်စေ၊ရိုးရိုးသင်္ကန်းပဲဖြစ်စေ သာသနာတော်ကြီးနှင့် တွေ့ကြုံရခိုက်လှူဒါန်းထိုက်လှပေသည်။
သင်္ကန်းလှူဒါန်းရကျိုးနှင့်စပ်၍ ဓမ္မပဒအဋ္ဌကထာ၌လည်း တိုက်ရိုက်ပြဆိုထားပါသေးသည် ‘’ဣတ္ထီနံ ဟိ စီဝရဒါနံ မဟာလတာ ပသာဓနဘဏ္ဍေန မတ္ထကံ ပပ္ပေါတိ၊ ပုရိသာနံ  ဣဒ္ဓိမယ ပတ္တစီဝရေနာတိ’’  -  သင်္ကန်းအလှူသည်အမျိုးသမီးများအတွက်မဟာလတာတန်ဆာအထူးကိုဝတ်ဆင်သုံးစွဲရခြင်းဖြင့်ထူးမြတ်သောအကျိုးကိုရ၍အမျိုးသားများအတွက်မူနောက်နောင်သာသနာတွင်ဘုရားရှင်ကဧဟိဘိက္ခု ခေါ်ဆိုလိုက်သည်နှင့် ၀ါတော်ခြောက်ဆယ်ရသော မဟာထေရ်ကြီးကဲ့သို့ တန်ခိုးဖြင့်ပြီးသော သင်္ကန်းပရိက္ခ ရာ စုံလင်စွာဖြင့် အာသဝေါကုန်ခန်း ရဟန်းအဖြစ်သို့ ရောက်ရလေ၏။ ဘုရားရှင်တို့သည် သင်္ကန်းလှူခဲ့ဘူး သော ကုသိုလ်ရှင်များကိုသာ ဧဟိ ဘိက္ခု ခေါ်တော်မူကြ၏။ အမှန်မှာ မိမိသင်္ကန်းလှူခဲ့သော ကုသိုလ်ထူး၏ အကျိုးဆက်ကြောင့်သင်္ကန်းရှာနေစရာမလိုတော့ဘဲတန်ခိုးဖြင့်ပြီးသောသင်္ကန်းကိုသာဝတ်ရုံသုံးစွဲရလေ တော့၏။

မဟာလတာတန်ဆာ
မဟာလတာတန်ဆာဟူသည် အမျိုးသမီးများ ၀တ်ဆင်ရသော အ၀တ်တန်ဆာတမျိုးပင်ဖြစ်၏။ သင်္ကန်း လှူခဲ့ဘူးသော ဘုန်းကံရှိသူ အမျိုးသမီးများသာ ၀တ်ဆင်သုံးစွဲနိုင်၏။ ဗုဒ္ဓခေတ်ကာလအချိန်၌ ထိုတန်ဆာမျိုးဝတ်ဆင်နိုင်သူ သုံးဦးသာ ရှိ၏။
ထိုသုံးဦးမှာ
၁။ကျောင်းအမကြီးဝိသာခါ၊ 
၂။ဗန္ဓုလစစ်သူကြီးကတော်မလ္လိကာနှင့်
၃။ဗာရာဏသီသူဌေးသမီးတို့ဖြစ်၏။                                                                                                                                                                                                       
ဝိသာခါ၏ဖခင်ဓနဉ္စယသူဌေးကြီးသည်သမီးအတွက်မဟာလတာတန်ဆာအထူးကိုပြုလုပ်စေရာရွှေပန်းတိမ်သည် ငါးရာတို့ဖြင့် လေးလကြာအောင် ပြုလုပ်ရလေ၏။ ပြုလုပ်ရန်အတွက် နီးမြန်းသော ရွှေစင်တစ်ထောင်၊ ထိုရွှေစင်နှင့် သင့် လျော်သော ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာ၊ စိန် စသော ပစ္စည်းများ ပေးရ၏။ အချိန်အဆကိုရေတွက်သော်စိန်လေးကွမ်းစား၊သန္တာသုံးဆယ့်နှစ်ကွမ်းစား၊ ပတ္တမြားသုံးဆယ့်သုံးကွမ်းစားနှင့် အခြားအခြားသောရတနာများစွာတို့ဖြင့်ပြုပြင်စီရင်ထား၏။ပိုးချည်ဝါချည်တို့ဖြင့်မရောယှက် ရွှေချည် ငွေချည်သက်သက်ဖြင့် သာ ပြုလုပ်၏။ ထိုမဟာလတာတန်ဆာ ထိပ်တွင်တစ်ခုတည်းသော ရွှေဥဒေါင်းရုပ်ကို တပ်ဆင်ထား၏။ ဦးခေါင်း ဦးထိပ်မှ စွပ်၍ချလိုက်လျှင် ခြေဖမိုးတိုင်အောင်ဖုံးမိ၏။ တန်ဖိုးမှာ ကိုးကုဋေဖြစ်၍ လက်ခအဖြစ် အဖိုးတစ်သိန်း ပေးရ၏။
ဤကဲ့သို့သော တန်ဆာအထူးကို ၀ိသာခါ ဘယ်လိုသော ကောင်းမှုကြောင့် ရရှိခဲ့ပါသနည်းဆိုလျှင် ကဿပ ဘုရားရှင်လက်ထက်တော်အခါ၌ ရဟန်းသံဃာတော် တစ်သိန်းတို့အား သင်္ကန်းလှူခဲ့ဖူးသော အကျိုးဆက် ကြောင့်ရရှိခြင်းဖြစ်သည်။ထို့ကြောင့်ရှေးပညာရှိတို့ကသင်္ကန်းလှူရခြင်း၏ အကျိုးဆက်ကို လင်္ကာဖြင့်ဤသို့မှတ်တမ်းတင်ခဲ့ကြလေသည်။
‘’သကျပုတ္တ၊ သမဏဟု၊ သာကိယဇာတ်၊ ရဟန်းမြတ်အား၊ လျှောက်ပတ်တင့်ဆန်း၊ မြတ်သင်္ကန်းကို၊ လှူဒါန်း သည့်သူ၊ယောက်ျားမူကား၊ ဘုန်းလူဇိနော်၊ ဧဟိခေါ်၍၊ ၀ါတော် သဋ္ဌိ၊ ခြောက်ဆယ်ရှိသား၊ ထေရ်ကြီးအလား၊လွန်တည်ငြား၍၊ရှစ်ပါးပရိက္ခရာ၊လွယ်ပြီးကာလျှင်၊လေးဖြာအာသဝေါ၊သန့်စင်ကြော၏။ ‘’မနောစင်ဖြူ၊ မိန်းမမူကား၊ ရွှေဇမ္ဗူရာဇ်၊ ဦးဦးသစ်ကို၊ ချိန်စစ် တစ်ထောင်၊ နိက္ခဆောင်၍၊ ထိန်ပြောင်စိန်သားလေးကွမ်းစားတည်း၊မြကားတေတ္တိ၊ရွယ်ထိန်သန္တာ၊ဗာဝိသာနှင့်၊မုတ္တာဆယ့်တစ်၊ ကြွင်းလစ်ရတနာ၊သင့်ရာရာကို၊ကောင်းစွာငွေကြိုး၊ချယ်သီထိုး၍၊အဖိုးကိုးကုဋေ၊ထိုက်တန်ပေ၏၊ရွှေပန်းထိန်ငါးရာ၊ရက်မှာလေးလ၊ကာလကြာအောင်၊ ကောင်းစွာချုပ်ပြီး၊ တန်ဆာကြီးကို၊ ငါးစီးဆင်ပြောင်၊ အားကိုဆောင်သည့်၊ အခေါင်တုလတ်၊ မိန်းမမြတ်တို့၊ ၀တ်ဆင်ကြရာ၊ မဟာလတာ၊ ပသာဓန၊ နာမတံဆိပ်၊ ခပ်နှိပ်ဝေဆာ၊ ထိုတန်ဆာကို၊ ကောင်းစွာ အံ့ခြီး၊ ၀တ်ဆင်ပြီး၍၊ မဂ်ထီးဖိုလ်ရိပ်၊ အောင်ဘိသိက်ဖြင့်၊ အောင်ဟိတ် ဇမ္ဗူနန်း ဆန်တက်မြန်းသည် - - သင်္ကန်းဒါန လှူကျိုးတည်း’’။ ။

ဝိသာခါသည် မိမိ၏ ထိုမဟာလတာ တန်ဆာကို တန်ဖိုးဖြတ်ကာ ရောင်းချပြီး ပုဗ္ဗာရုံကျောင်းတော်ကြီးကို  ဆောက်လုပ်လှူဒါန်းခဲ့ပေ၏။ အနဲငယ်ချဲ့ရပါလျှင် - - သာဝတ္ထိမြို့နေ ပြည်သူအပေါင်းတို့သည် မင်္ဂလာပွဲအခမ်းအနားတို့၌ ၀ိသာခါကို ရှေးဦးစွာ ဖိတ်ကြား၍ ကျွေး မွေးလေ့ရှိ၏။ ၀ိသာခါသည်လည်း ဖိတ်ကြားအပ်သော မင်္ဂလာပွဲများ၌ မဟာလတာတန်ဆာကို ၀တ်ဆင်၍တက်ရောက်၏။တစ်နေ့သော်ဝိသာခါသည် ဖိတ်ကြားအပ်သော မင်္ဂလာပွဲသို့တက်ရောက်ပြီး ဥပုသ်နေ့ဖြစ်၍ဘုရားဖူးရန်အခြံအရံများနှင့်အတူကျောင်းတော်သို့ဆက်သွား၏။ကျောင်းတော်အပေါက်ဝသို့ ရောက်လေသော် ‘’မြတ်စွာဘုရားရှင်တို့၏အထံတော်သို့ ဤသို့ ပျံ့လွင့်သူတို့၏ အသွင်အပြင်ဖြင့် သွားရောက်ရန် မသင့်’’ ဟု ဆင်ခြင်ကာ ၀တ်ဆင်ထားသော မဟာလတာတန်ဆာကို  ချွတ်ပြီးလျင် ကျွန်မသို့အပ်ထားလိုက်၏။
ဝိသာခါသည် ဇေတ၀န်ကျောင်းအပြင်သို့ ရောက်၍ မဟာလတာ တန်ဆာကို ၀တ်ဆင်ရန် ကျွန်မအားတောင်း၏။မေ့ကျန်နေခဲ့ကြောင်းပြောလျှင်‘’သွားယူခဲ့လော့၊အကယ်၍အရှင်အာနန္ဒာသိမ်းဆည်းထားခဲ့ လျှင်ထိုပစ္စည်းကိုအရှင်မြတ်တို့အားလှူပြီးဖြစ်သည်’’ဟုမှာကြား၍အယူခိုင်းလိုက်၏။အရှင်အာနန္ဒာသည် ကျောင်းတွင်း၌ မေ့ကျန်ရစ်သော ပစ္စည်းများကို သိမ်းဆည်းထားလေ့ရှိ၏။ ကျွန်မ ပြန်လာ၍ အရှင်အာနန္ဒာ သိမ်းဆည်းထားကြောင်းသိရသော အခါမဟာလတာတန်ဆာကိုသံဃာအားလှူဒါန်းလိုက်၏။သို့သော်အရှင်မြတ်တို့အားစောင့်ရှောက်ထိန်းသိမ်းရန်ခက်ခဲလှသောကြောင့်  အပ်စပ်သောပစ္စည်းဘဏ္ဍာပြုလုပ်ပီးတန်ဆာကိုကိုးကုဋေနှင့်လက်ခတစ်သိန်းတန်ဘိုးဖြတ်ကာ မြို့တွင်းသို့လှည့်လည် ရောင်းချလေ၏။ ထိုမျှလောက်တန်ဘိုးကြီးသောဥစ္စာကိုဝယ်ယူနိုင်သူမရှိသောကြောင့်မိမိကိုယ်တိုင်ပြန်ဝယ်ယူကာပုဗ္ဗာရုံကျောင်းတော်ကြီးကို  ဆောက်လုပ်လှူဒါန်းခဲ့လေသည်။(ဓမ္မပဒဋ္ဌ-ပုဗ္ဗ၀ဂ်)
နောက်ဆုံးပန်းတိုင်
ဗုဒ္ဓဘာသာဝင် သူတော်စင်များသည်  ဘယ်လိုကုသိုလ်ကိုပဲ ပြုပြု နောက်ဆုံးပန်းတိုင်ကား အိုနာသေရေးဆင်းရဲဘေးမှ လွတ်မြောက်ဘို့ နိဗ္ဗာန်ရောက်ဘို့ပင်ဖြစ်၏။ ထိုသို့ဆိုလျှင် သင်္ကန်းအကျိုး၊ ဆွမ်းအကျိုး၊ ကျောင်းအကျိုး၊ စသည်ဖြင့် အဘယ်ကြောင့် တောင်းနေကြပါသနည်းဟု မေးဘွယ်ရှိပါ၏။ သစ်ပင်စိုက်ပျိုး ရာ၌ ဟိုမျိုးစေ့စိုက်လျှင် ဟို အပင်ပေါက်၍ ဒီမျိုးစေ့စိုက်လျှင် ဒီအပင်ပေါက်သည် ဆိုသကဲ့သို့ ကိုယ်စိုက်ပျိုး သည့် မျိုးစေ့အားလျော်စွာ အပင်ပေါက်ခြင်းဟူသော အကျိုးရင်းရှိကြ၏။ ဥပမာ - အစာအာဟာရတို့ကို စားသောက်ကြရာ၌ ဘယ်အစာ ဘယ်အာဟာရကိုပဲ စားစားနောက်ဆုံးအသွေးအသားဖြစ်ဘို့ ပဓာနဖြစ်၏။ သို့သော်လျှာပေါ်ရောက်သည့်အခိုက်တွင်  အချိုသီးစားလျှင် အချိုအရသာ၊ အဆိမ့်သီးစားလျှင် အဆိမ့်အရသာ ပေါ်ပြီး နောက်ဆုံး အသွေးအသား အဖြစ်သို့ရောက်သွားတော့၏။
ထို့အတူ နောက်ဆုံးပန်းတိုင်သို့ မရောက်ကြမီ သံသရာတခွင် ကျင်လည်ရသော ကြားကာလ အတွင်းဝယ် သင်္ကန်းလှူပြီး နိဗ္ဗာန်သွားကြ၏။ ဆွမ်းလှူပြီး နိဗ္ဗာန်သွားကြ၏။ သို့သော် ကိုယ်ပြုလုပ်သည့် စေတနာ ဆန္ဒအားလျော်စွာ (လျှာပေါ်ရောက်ခိုက် အရသာကိုသိရ ခံစားရသလို) သင်္ကန်းအကျိုး၊ ဆွမ်းအကျိုး၊ ကျောင်းအကျိုး၊ ဆေးအကျိုး စသည်ဖြင့် သီးခြား အကျိုးလေးများကို ကိုယ်ကြိုက်သလိုခံစားကြရခြင်းသာဖြစ်ပေ၏။                                                                        ထိုကဲ့သို့ကိုယ့်အလိုကိုယ့်အကြိုက်ကိုယ့်စရိုက်နှင့်အညီသီးခြားအကျိုးလေးများရယူခံစားနိုင်ကြစေရန်ဤသို့အခွင့်ကောင်းအခါကောင်းနှင့်ကြုံရသည့်အခိုက်ဝယ်ဦးဦးဖျားဖျားပါရမီကုသိုလ်ထူးများဖြစ်ပွား နိုင်ကြပါစေ ဟု မေတ္တာဆန္ဒပြုလိုက်ရပါသည်။
 အရှင်ဣန္ဒာစာရ

အမျိုးသမီးများ သိမ်ထဲသို့ ဝင်ကောင်း မကောင်း သိထားသင့်

သိမ်အကြောင်းကိုတစိပ်တဒေသ နားလည်အောင်သိထားသင့်သည်၊ သိမ်ဆိုသည်မှာ ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟုအထင်ရောက်နေခြင်းမှာလုံးဝလွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ)စိုက်၍သမုတ်ထားသော(ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်းထိုနည်းပင်ဖြစ်ပါသည်။''သိမ်အတွင်းမိန်းမတွေဝင်လျှင်ငရဲကြီးသည်''ဟုပြောဆိုထင်မှတ်နေကြခြင်းမှာပိုလွန်နေသောလွဲမှားမှုသာဖြစ်ချေသည်။ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌အမျိုးသမီးများသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်းကံပြုနေချိန်၌လူဝတ်ကြောင်စသည်မပါဝင်စေရ၊ကြဉ်ဖယ်ထားရမည်''ဆိုသော်လည်းသိမ်ထဲတွင်မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့်  ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ)လူစသောနှစ်ကျိပ်တယောက်သောဝဇ္ဇနိယပုဂ္ဂိုလ်တို့ကိုနှစ်တောင့်ထွာဟတ္ထပါသ်မှအပပြုခြင်းဖြင့်ကြဉ်ဖယ်ထားရမည်။ (ကင်္ခါဝိတရဏီအဋ္ဌကထာ)။
''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ'' ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌အမျိုးသမီးများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ်-လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း အမျိုးသမီးများ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်းဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်


ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်
စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ၀ိနယ လို့ခေါ်ပါတယ်။ဝိနယ ကို မြန်မာမှုပြုထားတာက၀ိနည်းတဲ့။ စည်းမျဉ်း စည်းကမ်းတွေကို တစ်စုတစ်ဝေးတည်းပေါင်းစုထားတာကိုတော့ဝိနယပိဋကလို့ခေါ်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ဥပဒေပေါင်းချုပ်ပေါ့။

(၀ိနယပိဋက) ဥပဒေပေါင်းချုပ်စာအုပ် ငါးအုပ်ရှိတယ်။ငါးအုပ်ထဲက မဟာဝါစာအုပ်ကို ပထမဆုံး လေ့လာဘူးတယ်ဆိုတာ ပြောခဲ့ပြီးပြီ။မဟာဝါစာအုပ်မှာ အခန်း (Section) ၁၀ ခုရှိတယ်။

ဝိနည်းဥပဒေစာအုပ်ဆိုပေမဲ့ ဥပဒေချည်းသက်သက် ဖော်ပြထားတာမဟုတ်ဘူး။သမိုင်းရှုဒေါင့်က အင်မတန်အရေးပါတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘုရားရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစောဆုံးစာမျက်နှာတွေမှာတွေ့ရတယ်။

အမည်-သိဒ္ဓတ္ထ
မျိုးနွယ်အမည်- ဂေါတမ
မွေးနှစ်-ဘီစီ၆၂၃၊မေလလပြည့်နေ့
မွေးဖွားရာနေရာ-လုမ္ဗိနီဥယျာဉ်၊ကပိလ၀တ္ထု
ဇာတိ-ကပိလ၀တ္ထု

မိဘ-သုဒ္ဓေါဒန၊မဟာမာယာ
ဇနီး-ယသောဓရာ
သား-ရာဟုလာ
ယောက်ဖ-ဒေ၀ဒတ်
နန်းစံနှစ်-၁၃နှစ်(၁၆-၂၉)

နိမိတ်ကြီးများ-သူအို၊သူနာ၊သူသေ၊ရဟန်း
ဗျာဒိတ်ခံယူသောဘ၀-သုမေဓောရသေ့ဘဝ
ဗျာဒိတ်ခံယူသောနေ့-ကဆုန်လပြည့်
ဗျာဒိတ်ပေးသောဘုရား-ဒီပင်္ကရာမြတ်စွာဘုရား

ပါရမီဖြည့်ဘက်-သုမိတ္တာအမျိုးသမီး
ပါရမီဖြည့်ရာကာလ-လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရခြည်င်း၏ရည်ရွယ်ချက်-သတ္တ၀ါအကျိုးသယ်ပိုးရန်

ဒုက္ကရစရိယာကျင့်ရသောကာလ-၆နှစ်ကြာ(၉၇-၁၀၃)
ဒုက္ကရစရိယာကျင့်သည့်နေရာ-ဥရုဝေဠတော
ဘုရားဖြစ်ချိန်သက်တော်-၃၅နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း-၁၀၀တမ်း

တရားဦးဟောသည့်နေရာ-ဗာရာဏသီ၊မိဂဒါဝုန်တော
ပထမဆုံးသာဝက-ပဉ္စ၀ဂ္ဂီငါးဦး
နောက်ဆုံးကျွတ်သောသာဝက-သုဘဒ္ဒပရိဗိုဇ်
လက်ယာရံအဂ္ဂသာဝက-ရှင်သာရိပုတ္တရာ
လက်ဝဲရံအဂ္ဂသာဝက-ရှင်မဟာမောဂ္ဂလာန်

အဆုံးအမသာသနာ-ပရိယတ္တိ၊ပဋိပတ္တိ၊ပဋိဝေဓ
ကျင့်စဉ်သိက္ခာ-သီလ၊သမာဓိ၊ပညာ
ချမှတ်သောလမ်းစဉ်-မဇ္ဈိမပဋိပဒါ

ပဋိသန္ဓေယူသောနေ့-မဟာသက္ကရာဇ်၆၇၊၀ါဆိုလပြည့်၊ကြာသပတေးနေ့
ဖွားမြင်သောနေ့-မဟာသက္ကရာဇ်၆၈၊ကဆုန်လပြည့်၊သောကြာနေ့
တောထွက်သောနေ့-မဟာသက္ကရာဇ်၉၇၊၀ါဆိုလပြည့်၊တနင်္လာနေ့

ဘုရားဖြစ်သောနေ့-မဟာသက္ကရာဇ်၁၀၃၊ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့
ဓမ္မစကြာဟောသောနေ့-မဟာသက္ကရာဇ်၁၀၃၊၀ါဆိုလပြည့်၊စနေနေ့
ပရိနိဗ္ဗာန်စံသောနေ့-မဟာသက္ကရာဇ်၁၄၈၊ကဆုန်လပြည့်၊အင်္ဂါနေ့
တေဇောဓာတ်လောင်သောနေ့-မဟာသက္ကရာဇ်၁၄၈၊ကဆုန်လဆုတ်၁၂၊တနင်္ဂနွေနေ့

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ဒါလေးတွေသိသင့်လို့ရှာဖွေတင်ပေးလိုက်တယ်။