Saturday, 18 August 2012

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ
ဒီအခန်းကတော့ တကယ့်ကို ကောင်းလွန်းပါတယ်။ ဗုဒ္ဓနဲ့ ပက်သက်လို့ အနန္တတန်ခိုးရှင် တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လူသားထဲကမဟာလူသားတစ်ယောက် အနေနဲ့ ဖော်ပြထားပုံက ဗုဒ္ဓကို အမှန်တကယ်ကို ကြည်ညိုလာစေပါတယ်။
ဒီအထဲမှာလည်းတော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တွေရှိပါတယ်။ ဥပမာ ဗုဒ္ဓဖွားမြင်ရာတိုင်းပြည် သက္ကတိုင်းသည်နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့အကြောင်း၊သက်ဦးဆံပိုင်ဘုရင်အုပ်စိုးခြင်းမဟုတ်ဘဲယခုခေတ်ဒီမိုကရေစီနိုင်ငံများအုပ်ချုပ်သကဲ့သို့ဖြစ်ကြောင်း၊ဗိမ္ဗိသာရမင်းအုပ်စိုးတဲ့မာဂဓတိုင်း၊ ကောသလမင်းကြီးအုပ်စိုးသော ကောသလတိုင်းများသည် ကား ဘုရင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံများဖြစ်ကြောင်းသိရပါတယ်။
ဗုဒ္ဓ
ငါ.ရှင်၊  သင်သည် မည်သူဖြစ်သနည်း၊  သင်၏ ဣနြေ္ဒတို့သည် ကြည်လင်လှ၏။ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏။(-ဝိနည်း၊ မဟာဝဂ်)
ဝက္ကလိ၊
ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကို မြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။(-သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်- ဝက္ကလိသုတ်)
(က) ပိဋကတ်မှ ဂေါတမဗုဒ္ဓ
မြန်မာနိုင်ငံတွင် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ် အကြောင်းအရာများကို ရေးသား ထားသော မြန်မာဗုဒ္ဓဝင် စာအုပ်များရှိ၏။ ထိုစာအုပ်များ၌ ပါရှိသော အချက်များကို မြန်မာဗုဒ္ဓဝါဒီတို့က အကြွင်းမဲ့ လက်ခံယုံကြည်ကြမည်ဖြစ်သော်လည်း အနောက်တိုင်း ဗုဒ္ဓစာပေ သုတေသီပညာရှင်တို့က ထိုသို့ လက်ခံလိုကြမည် မဟုတ်ချေ။တစ်နည်းဆိုသော် ယိုးဒယား၊ မြန်မာ၊ သီဟိုဠ်သားတို့၏ ဗုဒ္ဓဝင်ကို တိကျခိုင်မာသောဗုဒ္ဓအတ္တုပ္ပတ္တိအဖြစ်အသိအမှတ်ပြုလိုကြမည် မဟုတ်ချေ။ အမှန်ဆိုသော် ရှေးအစဉ်အလာ ယုံကြည်ချက်များကို မျက်စိမှိတ် လက်မခံလိုဘဲ ဝေဖန်ဆန်းစစ်လိုသော ဗုဒ္ဓဝါဒီတို့သည်ပင် ဗုဒ္ဓဝင်ကျမ်းလာ အချို့သောစကားများကို ယုံမှားသံသယရှိကြမည် အမှန်ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို မှန်ကန်စွာ သိရှိလိုပါက ဗုဒ္ဓဝင်ကျမ်းပြုဆရာတို့ မှီငြမ်းပြုသော ပါဠိပိဋကတ်ကို ဦးစွာလေ့လာရပေမည်။ လေ့လာရာ၌ သုတေသီပညာရှင်တို့၏ အလိုအားဖြင့်ရှေးကျ၍ အထူးခိုင်မာသော ပိဋကတ်စာပေများကို ဦးစားပေး၍ လေ့လာရပေမည်။ ထိုစာပေများမှာ သုတ္တန်ပိဋကတ်မှ ပထမနိကာယ်လေးကျမ်း၊ခုဒ္ဒကနိကာယ်နှင့်အချို့ကျမ်းများနှင့်အချို့သောဝိနည်းကျမ်းများဖြစ်ကြောင်း ဖော်ပြခဲ့ပေပြီ။
ထိုပိဋကတ်စာပေများကို နှံ့နှံ့စပ်စပ် လေ့လာပါက ဗုဒ္ဓအကြောင်း ထူးခြားသော အချက်နှစ်ရပ်ကို ကျွန်ုပ်တို့ သတိပြုမိမည်ဖြစ်၏။ ပထမအချက်မှာ ဗုဒ္ဓအကြောင်းအရာများနှင့် စပ်လျဉ်း၍ အချို့နေရာများ၌ ဗုဒ္ဓဝင် (ဝါ) အဌကထာကျမ်းများနှင့် ပိဋကတ်လာစကားများ မတူပဲ ကွဲလွဲနေခြင်းဖြစ်၏။ ဒုတိယအချက်မှာ ဗုဒ္ဓဝင်နှင့် အဌကထာများမှ ဗုဒ္ဓအကြောင်းအရာများသည် ထူးထွေများပြား၍ စုံလင်လှသည်နှင့်အမျှ ပိဋကတ်စာပေ၌ ဗုဒ္ဓအကြောင်း နည်းပါး၍ ပြည့်စုံခြင်းမရှိချေ။
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို အစအဆုံး တစ်ဆက်တည်း ပြည်.စုံစွာ ပြဆိုထားသော ကျမ်းစာကို မတွေ့ရချေ။ အနည်းငယ်သောပါဠိတော်များ၌သာ ဗုဒ္ဓ၏ အချို့သောဖြစ်စဉ်များအကြောင်းကို ဖတ်ရှု့ရ၏။မဇ္ဈိမနိကာယ်၊အရိယပရိယေသနသုတ်မဟာသစ္စကသုတ်စသည်တို့၌ဘုရားလောင်း တောထွက်ပုံ ၊ တရားကျင့်ပုံနှင့် ဘုရားအဖြစ်သို့ ရောက်ရှိပုံများကို လည်းကောင်း၊ ဝိနည်းပိဋကတ် မဟာဝဂ္ဂ၌ ဘုရားဖြစ်သည်မှအရှင်သာရိပုတ္တရာနှင့်အရှင်မောဂ္ဂလန်တို့ဘုရားထံ၌ရဟန်းပြုကြသည်အထိကိုလည်းကောင်း ၊ ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ်၌ ဘုရားရှင်၏ နောက်ဆုံးဖြစ်စဉ်များကို လည်းကောင်း ဖော်ပြထား၏။ သို့ရာတွင် ထိုပါဠိတော်များ၌ ဗုဒ္ဓဝင် နှင့် အဌကထာများမှ များစွာသော ဗုဒ္ဓအကြောင်းအရာများကို မတွေ့ရချေ။
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ အတ္ထုပတ္တိကို အပြည့်အစုံ မတွေ့ရခြင်းမှာ ရှေးလူတို့က မိမိတို့ခေတ်အတွင်း ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်တို့၏ဘဝဖြစ်စဉ်များကိုစုံစုံစေ့စေ့ မှတ်သားထားလေ့မရှိသောကြောင့်ဖြစ်၏။ ပုဂ္ဂိုလ်အတ္ထုပတ္တိကို ရေးသားသောအတတ်သည်ယခုခေတ်မှ ပေါ်လာသောအတတ်ဖြစ်၏။ ရှေးအိန္ဒိယ နိုင်ငံသားတို့သည် ပညာရှိတစ်ဦး၏ ဘဝအဖြစ်အပျက်များကို သူ၏စကားများလောက် ဂရုပြုလေ့မရှိကြချေ။
သို့ဖြင့် ရှေးပဝေသဏီက ဘာသာဝါဒအမျိုးမျိုးကို အစဦးစွာ ဟောပြောခဲ့သော ပုဂ္ဂိုလ်တို့၏ ဘဝဖြစ်စဉ် မှတ်တမ်းများအထင်အရှားရှိဖို့ဝေးစွ၊သူတို့၏အမည်များသည်ပင်ပျောက်ကွယ်ခဲ့ပေပြီ။အိန္ဒိယဘာသာရေးသမိုင်း၌ နာမည်ကျန်ရှိသော ကပိလ(Kapila)၊ ရှန်ကရ(Samkara)၊ အစရှိသည့် အနည်းငယ်သော ပုဂ္ဂိုလ်ကြီးတို့ အကြောင်းကို လည်း ယခုခေတ်လူတို့ စုံလင်စွာ မသိကြရချေ။ သူတို့အကြောင်းအရာနှင့်စာသော် ကျွန်ုပ်တို့သိရသော ဗုဒ္ဓ၏ အကြောင်းအရာများမှာ အတော်အတန်စုံလင်သည် ဟုဆိုရမည်။
ဗုဒ္ဓသည် ဘီစီ ၆ ရာစု (ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်လောက်) အတွင်း၌ဖွားမြင်တော်မူကြောင်း သုတေသီပညာရှင်အားလုံး လက်ခံယုံကြည်ကြ၏။ ထိုရာစုနှစ်မှာ တရုတ်ပညာရှိ ကွန်ဖြူးရှပ် နှင့် ဂရိပညာရှိ ပိုက်သာဂိုးရတ် တို့ ဖွားမြင်သောရာစုနှစ်ဖြစ်၏။ ဗုဒ္ဓဖွားမြင်တော်မူရာ ဒေသမှာ အိန္ဒိယပြည်မြောက်ပိုင်းရှိ သက္ကတိုင်းဖြစ်၏။ အိန္ဒိယနှင့် နီပေါပြည်နယ်စပ်ရှိ သက္ကတိုင်း၏ မြို့တော်မှာ ကပိလဝတ်မြို့ဖြစ်၍ ဗာရာဏသြီံမို့၏ မြောက်ဘက် မိုင်တစ်ရာခန့်အကွာ၌ တည်ရှိ၏။
ပိဋကတ်စာပေ၌ ဖော်ပြထားသော ထိုအခါက အိန္ဒိယ မြောက်ပိုင်းရှိ တိုင်းကြီး ၁၆ တိုင်း အမည်စာရင်းတွင် သက္ကတိုင်း၏ အမည်ကို မတွေ့ရချေ။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယနိုင်ငံတွင် ကောသလ၊ မဂဓ စသော ဘုရင်အုပ်စိုးသည့် တိုင်းပြည်ကြီးများ အပြင် သက္က, ကောလိယ, ဝဇ္ဇီစသော နိုင်ငံငယ်များရှိ၏။ ထိုနိုင်ငံငယ်များသည် ယခုခေတ် ဒီမိုကရေစီနိုင်ငံများနှင့်တူ၍ ခတ္တိယများက အုပ်ချုပ်ကြ၏။ ခတ္တိယတို့သည် ပုဂ္ဂိုလ် တစ်ဦးဦးကို နာယကတင်မြောက်ပြီးလျင် အစည်းအဝေး ကျင်းပ၍ တိုင်းပြည်ကိစ္စ အရပ်ရပ်ကို စီရင်ဆုံးဖြတ်ကြ၏။
ပိဋကတ်စာပေ၌ ဗိမ္ဗိသာရ, အဇာတသတ် စသော ဘုရင်အမည်များကို နာမဝိသေသနပုဒ်များဖြင့် အပြည့်အစုံထပ်တလဲလဲပြဆိုထား၏။ဗိမ္ဗိသာရမင်းကိုမဂဓတိုင်းရှင် သေနိယမည်သောဗိမ္ဗိသာရမင်းဟုခေါ်၍ အဇာတသက်ကို ဝေဒဟီ မိဖုရား၏ သား မဂဓတိုင်းရှင် အဇာတသတ်မင်းဟု ဖော်ပြထား၏။ ဗုဒ္ဓ၏ ခမည်းတော်အားဘုရင်သုဒ္ဓေါဒနဟုခေါ်ဝေါ်ခြင်းကိုမူပိဋကတ်နှစ်နေရာတည်း(ဒီဃနိကာယ်မဟာပဒါနသုတ် နှင့် ခုန္ဒကနိကာယ် ဗုဒ္ဓဝံသ) ၌သာ ဖော်ပြထား၏။ တကယ်ပင်သာကီဝင်မင်းဖြစ်သော ဘဒ္ဒိယကိုမူ ဝိနည်းပိဋကတ်၌ ဘဒ္ဒိယ သက္ကရာဇာဟူ၍ ခေါ်ဝေါ်ထား၏။
ဘုရားအလောင်းသည် တောမထွက်မှီက များစွာသောစည်းစိမ်ချမ်းသာ ခံစားခဲ့ကြောင်း ဗုဒ္ဓ၏ စကားများဖြင့်သိအပ်၏။"အို မာဂဏ္ဍိယ၊ ငါသည် သုံးဆောင်သော ပြာသာဒ်တို.၌ တီးမှုတ်မျိုးစုံတို.ဖြင်. တင်.တယ်စွာ ခံစားစံစားလျက် နေခဲ့၏။"(မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)။ "ရဟန်းတို့၊ ငါသည် ချမ်းသာစွာ၊ နူးညံ့သိမ်မွေ့စွာ နေရ၏။ မိုးလေးလပတ်လုံး ပြဿာဒ်မှ အောက်သို့မသက်ဆင်းဘဲ နေရ၏။" (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်- သုခုမာလသုတ်)။ ပိဋကတ်စာပေ၌ ဤစကားများထက်ပို၍ ဗုဒ္ဓဝင်များမှာ ကဲ့သို့ ဘုရားလောင်း၏ စည်းစိမ်ချမ်းသာ ခံစားမှုကို ချဲ့ထွင်ပြထားခြင်းမရှိချေ။
"ရဟန်းတို့၊ ငါသည် ဘုရားမဖြစ်သေးမီ ပထမအရွယ်က ဤသို့ကြံ၏။ မသိနားမလည်သော သာမန်လူသည် မိမိကိုယ်တိုင် တစ်နေ့တွင် အိုရဦးမည် ဖြစ်ပါလျက် သူအိုတစ်ဦးကို မြင်လျင် စိတ်မသက်မသာ စက်ဆုပ်ရွံရှာခြင်းဖြစ်တတ်၏။ ငါသည် ဤသို့ ဖြစ်ရန် မသင့်လျော်ပါတကား။ ဤသို့တွေးတောရင်း ငါ၏ပျိုမျစ်သောအရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းပျောက်ကွယ်ခဲ့၏။" (အဂုင်္တ္တရနိကာယ်, တိကနိပါတ်, သုခုမာလသုတ်)
"ရဟန်းတို့၊ ငါသည် ဘုရားအဖြစ်သို့မရောက်မီက ဤသို့အကြံဖြစ်၏။ အဘယ်ကြောင့် ငါသည် ဇာတိသဘော ရှိသည်ဖြစ်ပါလျက်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း သဘောရှိသည်ဖြစ်ပါလျက် ညစ်ညူးခြင်းသဘောရှိသည် ဖြစ်ပါလျက် ထိုညစ်ညူးခြင်း သဘောကိုသာလျှင် ရှာဘိသနည်း။ ငါသည် ဇာတိမရှိရာ၊ မအို၊ မနာ၊ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ့ဟူ၍ အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ အရိယပရိယေသနသုတ်)
အချို့သော သုတ္တန်ဒေသနာများ၌မူ အိုခြင်း၊နာခြင်း၊ သေခြင်းကို ဆင်ခြင်သုံးသပ်ကြောင်းပင် မလာဘဲ လူ့ဘောင်ကိုငြီးငွေ့၍ တောထွက်ကြောင်းဗုဒ္ဓကိုယ်တိုင်မိန့်ကြားသောစကားလာ၏။ အောက်ပါစကားသည် များစွာသော သုတ္တန်တို့၌တွေ့ရသော ဗုဒ္ဓစကားဖြစ်၏။
"ရဟန်းတို့၊ ငါ့အား ဤသို့အကြံဖြစ်၏။ အိမ်ရာထောင်သော လူတို့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း၏။မြူမှုန်ထူသော ခရီးနှင့်တူ၏။အိမ်၌နေသော သူသည် စင်စစ် မြတ်သောအကျင့်ကို ကျင့်ရန်မလွယ်ချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးသော် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူကောင်းလေစွတကားဟု အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်နှင့် အခြားသုတ်များ)
ထိုခေတ်ကအိန္ဒိယပြည်၌ တောထွက်၍ရဟန်းပြုခြင်းသည် ရှေးပဝေသဏီကစ၍ပညာရှိသူတော်ကောင်းတို့ လိုက်နာသောလမ်းစဉ်ဖြစ်၏။မိဘများကသဘောမတူဘဲတားမြစ်ထားပါလျက် တောထွက်သောသူများအကြောင်း အဌကထာများ၌ ဖော်ပြထား၏။ ဘုရားအလောင်းသိဒ္ဓတ္ထသည် ထိုသို့သော ပိုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပိဋကတ်၌လာ၏။
မဇ္ဈိမနိကာယ်၊ အရိယပရိယေနသုတ်၊ အဟာသစ္စကသုတ် နှင်. အခြားသုတ်များတွင် ဗုဒ္ဓကိုယ်တိုင်က "ငါသည် မည်းနက်သော ဆံပင်ရှိ၍ ငယ်ရွယ်ပျိုမျစ်သောပထမအရွယ်၌ အမိအဖတို.သည် သဘောမတူသဖြင့်မျက်ရည်ရွှဲစို ငိုယိုနေကြစဉ် ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ပြီးလျင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကူပြောင်းခဲ့ပေသည်" ဟုမိန့်ကြားတော်မူ ကြောင်းပြဆိုထား၏။ ဒီဃနိကာယ်သောဏဒန္တသုတ်နှင့် ကူဋဒန္တသုတ်များ၌လည်း ဗြာဟ္မဏ ဆရာနှစ်ဦးက ရဟန်းဂေါတမသည် ငယ်စဉ်ကမိဘတို့သဘောမတူသဖြင့် ငိုယိုနေကြစဉ် ရဟန်းပြုခဲ့သည်ဟု ပြောဆိုကြကြောင်း ဖော်ပြထား၏။
မည်သို့ဖြစ်စေ အထက်ကပြဆိုခဲ့သော ဗုဒ္ဓဝင်နှင့် ပိဋကတ် ကွဲလွဲဆန့်ကျင်မှုများမှာ ဗုဒ္ဓ၏တရားများနှင့် မသက်ဆိုင်သောကြောင့် ဗုဒ္ဓဓမ္မ လေ့လာသူတို့အဖို့ အရေးမကြီးလှချေ။ အရေးကြီးသည်ကား ဗုဒ္ဓသည် မည်သို့သော ပညာရှိပုဂ္ဂိုလ် သူမြတ်ဖြစ်ကြောင်း နားလည်သိရှိရန်ဖြစ်၏။ ဗုဒ္ဓသည် လူ့ဘဝ၊ လူ.လောက ပြဿနာ များကို မည်သို့ ရှုမြင်သုံးသပ်သည်။ လူတို့၏ ရှေးအစဉ်အလာ ယုံကြည်ချက်များအပေါ် မည်သို့ဆုံးမသည် စသည်တို့မှာ ဗုဒ္ဓဓမ္မ လေ့လာရာ၌ ကျွန်ုပ်တို့ သိရှိရန်မုချလိုအပ်သော အချက်များဖြစ်၏။ ဗုဒ္ဓအကြောင်း ပါဠိတော်များကို မှီငြမ်းပြု၍ ဤအချက်များကို တတ်နိုင်သမျှ စုံစုံစေ့စေ့ ဖော်ပြပါအံ့။
(ခ) ဗုဒ္ဓ၏ထူးခြားချက်များ
ဗုဒ္ဓသည် မိုးရာသီ၌ နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို့ ခရီးလှည့်လည်ပြီးလျင် တရားဟောတော်မူလေ့ရှိ၏။ တစ်ခါတစ်ရံ၌မူ သာဝတ္တိ၊ ဝေသာလီ စသော မြို.ကြီးများ၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို.၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို့၌ သီတင်းသုံးနေတော်မူစဉ် တစ်နေ့တာ မည်သို့ ကုန်လွန်စေပုံကို ဖော်ပြထား၏။
တစ်နေ့သော နံနက်စောစော၌ ဗုဒ္ဓသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျင် မြို့တွင်းသို့ ဆွမ်းအလို့ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို.သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို့ မကြားနာရသည်မှာ ကြာလှပြီဖြစ်၍ ကြားနာလိုကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို့အား ဓမ္မိက ပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို့သွား၍ နေကြရန်ပြော၏။ ရဟန်းတို့သည် ထိုကျောင်းသို့ သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို့ ကြွသွားတော်မူ၏။ ထိုကျောင်း၌ တစ်နေကုန် နေတော်မူပြီးလျင်အရှင်အာနန္ဒာနှင့်အတူ ရေချိုးဆိပ်သို့ကြွသွား၍ ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဓမ္မိကပုဏ္ဏား၏ကျောင်းသို့ ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို့ ကြွသွား၏။
ရဟန်းတို့သည် တရားစကားဖြင့် စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ်အပြင် ဘက်၌ရပ်လျက် စကားအဆုံးကို ဆိုင်းငံ့နေတော်မူ၏။စကားဆုံးလတ်သော် ချောင်းဟန့်၍ တံခါးရွက်ကို ခေါက်၏။ ရဟန်းတို့ကတံခါးကိုဖွင့်၍ဗုဒ္ဓသည်ခင်းထားအပ်သောနေရာ၌ထိုင်ပြီးလျင်"ရဟန်းတို့၊ယခုကြွလာသောအခါအဘယ်စကားဖြင့်သင်တို့စည်းဝေး၍ ဟောပြောနေကြကုန်သနည်းဟု လျှောက်ကြသော် ဗုဒ္ဓသည်မိမိ ဘုရားမဖြစ်မီက ကြုံတွေ့ခဲ့ရပုံများကို ပြောပြလို၍ အရိယပရိယေတနသုတ်ကို ဟောတော်မူ၏။
ထိုတရားပွဲများ၌ တခါတစ်ရံ ရဟန်းတစ်ပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓအား အခွင့်ပန်ကြားပြီးသည့်နောက် မိမိသိလိုသောအချက်ကို မေးလျှောက်လေ့ရှိ၏။ တရားပွဲများသည် အတော်ညဉ့်နက်မှပြီးဆုံး၏။ဘုရားရှင်ပင်ပန်းညောင်းညာသောအခါအရှင်အာနန္ဒာ၊အရှင်သာရိပုတ္တရာစသော တပည့်မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။
ဗုဒ္ဓနှင့် ရဟန်းသံဃာတို့၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်၌အဇာတသတ်မင်းသည် ဘုရားရှင်ကို ဖူးမြှော်ရန် ဆရာဇီဝကနှင့်အတူ ကျောင်းတော်သို့ သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို့ ချဉ်းကပ်မိသောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင့်အတူ ကျောင်းတိုက်ထဲ၌ သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုးသံ ချေသံ တစ်ချက်မျှမကြားရဘဲအလွန်တိတ်ဆိတ်နေသောကြောင့်ဖြစ်၏။ဇီဝကကအားပေးနှစ်သိမ့်မှအဇာတသက်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို့ဝင်ပြီးနောက် ဗုဒ္ဓကို ဖူမြော်လေသည်။
ဗုဒ္ဓသည်တိတ်ဆိတ်မှုကိုနှစ်သက်၏။တစ်ခါတစ်ရံဆွမ်းစားပြီးလျှင်တောထဲသို့ကြွသွား၍သစ်ပင်များအောက်၌ နေတော်မူလေ့ရှိ၏။ ရဟန်းတို့အား စကားပြောလျင် တရားစကားကိုသာပြောရန်၊ သို့မဟုတ် ဆိတ်ဆိတ်နေရန် မကြာခဏသတိပေး၏။တစ်ခါသော်ဗုဒ္ဓကိုဖူးမြော်ရန်ရောက်လာကြသောရဟန်းတို့သည်အချင်းချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင့်ကျောင်းမှနှင်ထုတ်ခံကြရ၏(မဇ္ဈိမနိကာယ်၊စတုမသုတ်)။တိတ်ဆိတ်မှုကို ဗုဒ္ဓနှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို့သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကို မြင်သော် အချင်းတို့အသံမပြုကြကုန်လင့်၊ ဗုဒ္ဓ၏တပည့်သည် လာနေ၏။ သူတို့သည် တိတ်ဆိတ်မှုကို နှစ်သက်၏ ဟု အချင်းချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။(အင်္ဂုတ္တရ-ကိံဒိဌိကသုတ်)
ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို့စိတ်ကူဖြင့် ခန့်မှန်းကြည့်ရန်ခဲယဉ်း၏။ အဘယ်ကြောင့်ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုတော်များသည် ဂရိ(ခေါမ) လက်ရာများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည်.နောက် နှစ်ပေါင်း အတော်ကြာသည့်တိုင်အောင် ဗုဒ္ဓရုပ်တုများကို ထုလုပ်ကိုးကွယ်သော အလေ့အထမရှိချေ။ အင်္ဂလိပ် ပညာရှင် ဆာချား(စ) အဲလိယော့ ၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် "သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓရုပ်တုများ ကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲ၌ မြင်လာနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည်ဆားနတ်အရပ်၌ တွေ့ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်တုများသည် သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန် မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ပ်ထင်ပါသည်။ ထိုရုပ်တုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက်ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ၊ သို့မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှာ ယုတ္တိရှိ၏။" (Sir Charles Eliot: Hindduism & Buddhism- Vol.I, pp.171)
ဗုဒ္ဓသည်ကျန်းမာတောင့်တင်းသောပုဂ္ဂိုလ်ဖြစ်ကြောင်းပိဋကတ်စာပေ၌ထင်ရှား၏။ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကိုဆင်းရဲငြိုငြင်စွာကျင့်နိုင်ခဲခြင်း၊အသက်၈၀ထိတစ်နေရာမှတစ်နေရာသို့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန်ခံစားပြီးသည့်နောက်၌ပင် မိုင်ပေါင်းများစွာ ဝေးသော ကုသိနာရုံသို့ ခြေလျင်ခရီးကြွသွားခြင်း စသည်တို့ကို ထောက်ဆ၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့ခိုင် တောင့်တင်းကြောင်းယုံမှားဖွယ်မရှိချေ။
ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင့်တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်၏။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏။ " ရဟန်းတို့၊ ငါသည် ညစာမစားရသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏။ကိုယ်လက်ကြံ့ခိုင်၍ချမ်းသာစွာနေရ၏"မဇ္ဈိမနိကာယ်၊ကိဋာဂီရိသုတ်)။ လောက၌ကျန်းမာ၍ အသက်ရှည်သောသူတို့သည် အများအားဖြင့် ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ် သောသူများ ဖြစ်၏။
ဗုဒ္ဓသည် လူသတ္တဝါတို့ကို သံသရာဝဋ်ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသော အခါ၌ပင် သုဘဒ္ဒါရဟန်းအား ဟောပြောဆုံးမတော်မူခဲ.သေးသည် မဟုတ်ပါလော။ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှုဖြစ်၏။ တစ်ခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို.သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ဟတ္ထာအာဠဝက မင်းသားသည် လှည်.လှည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို့ချဉ်းကပ်ပြီးလျင် "မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော" ဟုမေးလျှောက်၏။ ဗုဒ္ဓက " မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည် "ဟု ပြန်ပြော၏၊
ထိုအခါ မင်းသားသည် များစွာအံ့ဩ၍ "အရှင်ဘုရား၊ ယခုအချိန်အခါသည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။သစ်ပင်မှသစ်ရွက်တို့သည်ကျဲရဲရဲရှိကြပါကုန်၏။အရပ်လေးမျက်နှာမှ အေးမြသော လေတိုက်ခတ်နေ၍ ဆီးနှင်းတို့ တဖွဲဖွဲကျလျက်ရှိပါ၏။သို့ဖြစ်ပါလျက် ငါသည် ချမ်းသာစွာအိပ်ရသည် ဟု အရှင်ဘုရား မိန့်တော်မူဘိ၏" ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ် ခံစား၍ နူးညံ.သောနေရာ၌ အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာအိပ်ရမည် မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာ ရာဂမီး ပယ်သက်ပြီးပြီဖြစ်၍ မည်သည့်နေရာမျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန့်တော်မူလေသည်။ (အင်္ဂုတ္တရနိကာယ်၊ တိကဒဟတ္ထာဠဝကသုတ်)
ဗုဒ္ဓ၏ စိတ်ငြိမ်းချမ်းမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဌာန်၌ အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို့ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ် တွေ့မြင်ရသော ဥပကတက္ကတွန်းက "ငါ့ရှင် ၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ ဣနြေ္ဒတို့သည် ကြည်လင်လှ၏။ အရေးအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏" ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင့်ပင် မိမိတို့၏ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြိုပြုကြ၏။
ဗုဒ္ဓ၏ တင့်တယ်ခံညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူများ ရှိသည့်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ် သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ပေါက္ခရဿတီ,သောဏဒန္တစသောအလွန်ဇာတ်ကြီး၊မာနကြီးသည့်ဗြဟ္မာဏခေါင်းဆောင်တိုသည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက်ဖူးတွေ့လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင့် ပသေနဒီကောသလမင်းတို့ ဖြစ်၏။သူတို့သည် ဗုဒ္ဓ အထံသို့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ကို လက်ဖြင့်ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့်အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဈိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင့် ဓမ္မစေတိယသုတ်)
ကောသလမင်းသည် ဓမ္မစေတိယသုတ်၌ ဗုဒ္ဓကို လူတို့မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏ တရားပွဲ၌ တရားနာပရိတ်သက်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြသောကြောင့် တစ်စုံတစ်ယောက် ချောင်းဟန့်သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တစ်ခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင့်ခရီးထွက်သွား၍ညစခန်းချသောအခါဣသိဒတ္တနှင့်ပုရာဏအမည်ရှိအမတ်ကြီးနှစ်ဦးသည် မိမိတို့၏အရှင်သခင်ဘုရင်ရှိရာဘက်သို့ခြေပြု၍ဗုဒ္ဓရှိရာအရပ်ကိုကားခေါင်းပြုလျက်အိပ်ကြပါသည်ဟု လျှောက်ထား၏။
ပရိဗိုဇ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမက များစွာသော ပရိသတ်အားတရားဟောနေစဉ် တစ်စုံတစ်ယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန့်ခြင်း မပြုဘဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်သော တပည့်တို့သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကိုသာလျှင် ဆိုလေ့ရှိပါသည်။ သူတစ်ပါးကို မကဲ့ရဲ့ဘဲ မိမိတို့ကိုယ်ကိုသာ ကဲ့ရဲ့ကြပါသည်ဆို၏။(မဇ္ဈိမနိကာယ၊ မဟာသကုလုဒါယီသုတ်)
ဤသို့များစွာသောလူတို.၏ ကြည်ညိုလေးစားခြင်း ခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်း ကြည်ညိုသော ဝက္ကလိရဟန်းအား မိန်.ကြားချက်သည်ရှင်းလင်းပြတ်သား၏။"ဝက္ကလိ၊ဤအပုပ်ကောင်ကိုဖူးမြင်ခြင်းဖြင့်အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။" (သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်-ဝက္ကလိသုတ်)
စင်စစ်ဗုဒ္ဓသည် ကမ္ဘာသမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ့ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန့်ကျင်သော ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုကမှားမည်မဟုတ်ချေ။ ဤအကြောင်းနှင့်ပတ်သက်သော ဗုဒ္ဓမိန့်ကြားချက်များကို ရှေ့၌ပြဆိုပါအံ့။
ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တစ်ခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား၊ နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓကြွလာမည့်လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ့ဆက်မသွားဘဲ ရပ်တန့်၍နေ၏။ မင်းသားက ပုဆိုးဖြူအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို့ ဝင်တော်မူ၏။ (မဇ္ဈိမ နိကာယ်၊ ဗောဓိရာဇကုမာရသုတ်)
လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍ ပြောလေ့ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာကျင့်နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ခြို့ခြံစွာကျင့်မှုမှာအချို့သောတပည့်ရဟန်းတို့ကမိမိထက်သာလွန်၍ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန့်ကြား၏(မဇ္ဈိမနိကာယ်၊မဟာသကုလဒါယီသုတ်)။တစ်နေ့သာ ညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိစဉ်"ရဟန်းတို့၊သင်တို့သည်အကယ်၍ငါ၌ကိုယ်နှင့်နှုတ်စပ်သောအပြစ်တစ်စုံတစ်ရာ တွေ့မြင်ပါက ငါ့အား လျှောက်ထားကြကုန်လော" ဟုမိန့်တော်မူ၏။ (သဂါထာဝဂ္ဂသံယုတ် ၊ ဝဂီသသုတ်)
ပိဋကတ်စာပေ၌ ဗုဒ္ဒ၏ စိတ်သဘောထား မြင့်မြတ်မှု၊ သနားကြင်နာမှု့၊ ထောက်ထားစာနာမှု့စသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒီဃနိကာယ်မှ မဟာပရိနိဗ္ဗာနသုတ်ဖြစ်၏။ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှု ထင်ဟပ်နေသော နောက်ဆုံးမိန့်ကြားချက်များကို ဖော်ပြပါအံ့။ ဗုဒ္ဓသည် ရွှေပန်းထိမ်သား စုန္ဒ၏ ဝက်သားဆွမ်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန် ရောဂါ အပြင်းအထန် ခံစားရ၏။သို့ရာတွင်စုန္ဒအားစိတ်မကောင်းမဖြစ်စေလိုသောကြောင့်ဘုရားရှင်နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို့ထက်အကျိုးအာနိသင်ကြီးမားသည်ဟူဘုရားရှင်၏မျက်မှောက်မှကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့၏။
အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည့်သံဃာတို့အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ့လိမ့်မည်ဟုမိမိယုံကြည်ပါကြောင်းလျှောက်ထား၏။ထိုအခါဗုဒ္ဓမိန့်ကြားသောစကားမှာ အောက်ပါအတိုင်းဖြစ်၏။
" အာနန္ဒာ၊ ငါဘုရားအား သင်တို့ အဘယ်ကြောင့် ဤမျှလောက် တောင့်တနေဘိသနည်း။ ငါသည် တရားဓမ္မကိုအကြွင်းမဲ့ ဟောကြားခဲ့ပေပြီ။သင်တို့သည်ငါ၏ နောက်လိုက်ဖြစ်သည်၊ငါသည်သင်တို့၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ့ချေ။အာနန္ဒာ၊ငါသည် အိုမင်း၍ ဘဝခရီး၏ အဆုံးပိုင်းသို့ ရောက်ရှိနေပေပြီ။ ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုသာ မှီခိုကိုးကွယ်၍ နေကြကုန်လော။ တရားမှတစ်ပါး မှီခိုကိုးကွယ်ရာ မရှိဘဲ တရားသာလျင် မှီခိုကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော"
တစ်နေရာ၌ အရှင်သာရိပုတ္တရာက သဗ္ဗညုတဥာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မာဏသည်ရှေးကမရှိခဲ့၊နောင်ရှိမည်လည်းမဟုတ်၊ယခုလည်းမရှိဟုကျွန်ုပ်ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက " သာရိပုတ္တရာ၊ သင်သည် ပွင့်ပြီး ပွင့်ဆဲပွင့်လတ္တံ့သော ဘုရားရှင်တို့၏ စိတ်ကို သင်၏ ဥာဏ်ဖြင့်ခွဲခြားမသိပါဘဲလျက် အဘယ်ကြောင့် ဤသို့ ကြီးကျယ်ခံ့ညားလှသော၊ တိကျသော စကားကို ဆိုဘိသနည်း" ဟု မိန့်တော်မူ၏။
ထို့နောက် ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာတို့သည် ဤသို့ပူဇော်ကာမျှဖြင့် ငါဘုရားအားမြတ်နိုးသည်မမည်သေး။အကြင်ဥပါသကာဥပသကာမတို့သည်လည်းကောင်း၊ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့သည် လည်းကောင်း ငါဟောကြားအပ်သော တရားနှင့်အညီ ကျင့်ကြံနေထိုင်၏။ ထိုသူတို့သည်သာလျှင်ငါဘုရားကိုချစ်ကြည်မြတ်နိုးရှိခိုးပူဇော်ကြသည်မည်၏"ဟုမိန့်တော်မူ၏။အရှင်အာနန္ဒာက"အရှင်ဘုရား၊ကိုယ်တော်မြတ်နိဗ္ဗာန်လားခဲ့သော်အလောင်းတော် အား ကျွန်ုပ်တို့ ပြုဖွယ်ကိစ္စကို အဘယ်သို့ပြုရပါအံ့နည်း" ဟုမေးလျှောက်၏။ ထိုအခါ၌ ဗုဒ္ဓက " အာနန္ဒာ၊ ငါဘုရား၏အလောင်းတော်ကိုမီးပူဇော်ခြင်းစသည်တို့၌သင်တို့အကြောင့်ကြကုန်လင့်။မိမိ၏အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာ သာ များစွာ လုံ့လပြုကြကုန်လော့" ဟု မိန့်တော်မူ၏။
ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား " အာနန္ဒာ၊ ငါ၏ တပည်. ရဟန်းသံဃာတို့သည် ငါပရိနိဗ္ဗာန် စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟုထင်မှတ်ကြပေလိမ့်မည်။ ထိုသို့ မမှတ်သင့် ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို့၏ ဆရာဖြစ်လတ္တံ့။ ထို့ကြောင့် ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာမှတ်၏" ဟု မိန့်ကြား၍ ရဟန်းတို့အား မိမိ၏တရား၌ တစ်စုံတစ်ရာ ယုံမှားမှု ရှိလျှင် မိမိမလွန်မှီ မေးလျှောက်ကြရန်သတိပေး၏။သို့ရာတွင်ရဟန်းတို့က မည်သို့မျှမမေးလျှောက်ကြချေ။ ထို့နောက် ဗုဒ္ဓသည် "သင်္ခါရတရားတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့မလျော့ဘဲ ကျင့်ကြံအားထုတ်ကြကုန်လော့" ဟု နောက်ဆုံးမိန့်ကြားပြီးလျှုင် ပရိနိဗ္ဗာန် ပြုတော်မူ၏။
ဗုဒ္ဓ၏ နောက်ဆုံးဘဝ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်နှလုံးကောင်းရှိသော သူတို့သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်းဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတစ်ပါးကို အပြစ်မြင်၊ အထင်အမြင်မသေးစေလိုခြင်း၊(အရှင်သာရိပုတ္တရာအား မိန့်ကြားချက်)ပုဂ္ဂိုလ်ကိုးကွယ်မှုမဖြစ်စေလိုခြင်းစသောလက္ခဏာများဖြင့်မြင့်မားသောအာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေ သည်။
သို့ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့စာပေ၌ အခြံ့ငားဆုံး စိတ်အားတက်ကြွဖွယ်အကောင်းဆုံးစာပေတစ်ခုဖြစ်ပါပေသည်ဟုရေးသားခဲ့၏။စင်စစ်မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို့က လွန်ကဲသော သဒ္ဓါယုံကြည်စိတ်ဖြင့်ဖန်တီးထားသော အနန္ဒဘုန်းတော်ရှင် မဟုတ်တော့ဘဲအလွန်စိတ်ဓာတ်မြင့်မြတ်၍ကြည်ညိုဖွယ်ကောင်းသောကမ္ဘာ့စံပြအာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။