Friday, 3 August 2012

စိတ်ညစ်ရင်ရေချိုးပါ(၁)


စိတ်ညစ်ရင်ရေချိုးပါ(၁)

တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ရှိပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တောအုပ်တစ်ခုကို ဖြတ်သန်းသွား ရမှာပါ။ အဲ့ဒီတောအုပ် ထဲမှာ သူခိုးတွေလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာတစ်ခုကသားအဖနှစ်ယောက်လာရင်သားကိုဖမ်းပြီးအဖေလုပ်သူကိုအိမ်ငွေပြန်ယူစေပါတယ်။ဆရာတပည့်လာရင်လည်းဆရာကိုဖမ်းပြီးတပည့်ကိုအိမ်ငွေပြန်ယူစေပါတယ်။

ဒီလုပ်ထုံး အစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက် ခရီးမထွက်ခင် အဖေလုပ်တဲ့သူက ''ငါ့သား ဓားပြ သူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော'' လို့မှာပါတယ်။
ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။ တွေ့တော့သားအဖ နှစ်ယောက်ကို ဖမ်းပြီး'' သင်တို့ ဘာတော်သလဲ'' လို့မေးတော့ သားလုပ်တဲ့သူက '' ဘာမှမတော်ဘူး'' လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက်တောအုပ်ထဲက ထွက်ခွင့်ရပြီး ရှေ့ကိုခရီးဆက်ခဲ့ရတယ်။ နားရမယ့်နေရာမှာ နားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့တစ်နေ့တာ သီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသား ပြောခဲ့တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး ''ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ '' ဆိုပြီးရပ်နေလျှက်ဝိပဿနာပွားလိုက်တာပစ္စေကဗုဒ္ဓါအရှင်မြတ်ဖြစ်သွားပါတယ်။(ငါးရာ့ငါးဆယ်၊ပါနိယဇာတ်) ရေချိုးလိုက်လို့တရားထူးတရားမြတ် ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမဲ့ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့ တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့အတွက် စိတ်ကော ရုပ်ကော ကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက် တရားအားထုတ်ရတာလည်း ပိုပြီး အဆင်ပြေသွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ပေးတာဆိုတော့ စိတ်ညစ်တာ လောက်တော့ အထူးပြောနေစရာမလိုတော့ ပါဘူး။

ဒါကဝတ္ထုသာဓကလေး ကို ကိုင်ပြောတာပါ။ စာနဲ့ကိုင်ပြောမယ်ဆိုရင်လည်း ဝိဘင်းအဋ္ဌကထာမှာ ပညာ ပွားကြောင်း(၇) ပါးကို ပြ ထားပါတယ်။ အင်္ဂါ(၇) ပါးမှာ ဒုတိယအဂါင်္က ဥာဏ်ပညာပွားဖို့အတွက် ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကိုလည်း အကျယ်ပြန့် ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်း လက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ် မှာ ချွေးတွေ ဂျီးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ် ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေမယ်၊ ဒါဟာ အတွင်းဝတ္ထုမသန့်ရှင်းတာပါ။
နောက် ကိုယ့်ရဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်၊ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန် ကျဲနေမယ်၊ စာအုပ်တွေ ပြန့်ကြဲနေမယ်၊ အမှိုက်တွေ ရှိနေမယ်၊ဒါဟာ အပြင်ဝတ္ထုမသန့်ရှင်းတာပါ။

အဲ့ဓီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဥာဏ်အမြင် မကြည်လင်တော့ ပါဘူး။ ဒါဆိုရင်နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။ ဒါကြောင့် ဆံပင်တွေရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာညှပ်၊ လျှော်စရာရှိတာလျှော်ပေးရပါမယ်။ခြေသည်းလက်သည်းတွေရှည်နေရင်ညှပ်ပေးရပါမယ်။

ခန္ဓာကိုယ် မှာ ချွေးတွေ ဂျီးတွေရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ် ထဲမှာ လေဆိုးတွေ အပူအပုပ်တွေ ရှိနေရင် နားလည်တဲ့ဆရာဝန် နဲ့ပြသပြီးဝမ်းသက်စေတဲ့ဆေးစားပြီးခန္ဓာကိုယ်ပေါ့ပါးအောင်လုပ်ပေးရပါမယ်။ဒါကအတွင်းဝတ္ထုသန့်ရှင်းတာပါ။

နောက် ကိုယ့်ရဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့အသက်ဆိုးတွေရှိနေရင် လျှော်ပေးရပါမယ်။ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေ လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ နေလှန်းပြီးပေးရပါမယ်။ ဒါက အပြင်ဝတ္ထုသန့်ရှင်းတာပါ။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေုရင် စိတ်ကြည်လာပါလိမ့်မယ်။စိတ်ကြည်လာရင် ဥာဏ်အမြင် ကြည်လာ တော့တာပါ။တရားအားထုတ်တဲ့ယောဂီကော၊စီးပွားရေးလုပ်နေတဲ့သူကော၊ ကျောင်သူ၊ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေအောင် ဂရုတစိုက်လုပ်ပေး နေရပါမယ်။ ရေချိုးပြီးမှ တရားထိုင်ရင် ဥာဏ်ပို ပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပို ပြီးကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ရဝေနွယ်(အင်းမ)

No comments:

Post a Comment