Saturday, 21 July 2012

ဗုဒ္ဓသာသနာကို မည်သူစောင့်သနည်း

ဗုဒ္ဓသာသနာကို မည်သူစောင့်သနည်း
ထေရ၀ါဒဗုဒ္ဒသာသနာကို အရှည်ခံအောင်၊ တည်တံအောင်၊ ပြန့်ပွားအောင် မည်သူ စောင့်ရှောက်ကြသနည်း။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ငယ်စဉ်ထဲကကြားခဲ့ရသော ဘုရားသာသနာ ၂၅၀၀၊ သိကြားသာသနာ ၂၅၀၀ အမှန်ပါလား?။ သူရဿီမယ်တော်က ပိဋကတ် ၃ ပုံစောင့်သည် ဟူသော အရပ်စကားများကြားခဲ့ရပါသည်။ တကယ်တန်း ဗုဒ္ဒ မြတ်စွာဘုရား၏ တရားတော်များကို လေ့လာခဲ့သည့် အခါကြမှ အရပ်ထဲက ပြောသော အမှားများကို သိလာရပါသည်။ အမှန်မှာ ဗုဒ္ဒမြတ်စွာဘုရား၏ သာသနာကို သိကြားမင်း လည်းမစောင့်ရှောက်နိုင်ပါ၊ သူရဿီမယ်တော်လည်းမဟုတ်ပါ ရဟန်းသံဃာများသာ ဖြစ်သည်။ ရဟန်းတော်များသည် သာသနာတော်တည်တံ ခိုင်မာစေရန် ခေတ် အဆက်ဆက် အဓမ္မ၀ါဒီများ၊ တန္တရ၀ါဒများ၊ နတ်ကိုးကွယ်မှုများကို ရှင်းလင်းခဲ့ကြသည်။ ထိုသို့ သာသနာတော်သန့်ရှင်ရန်အတွက် နှစ်ပေါင်း ၂၅၀၀ အတွင်း သင်္ဂါယနာကို ၆ ကြိမ် တင်၍ ရှင်းလင်းခဲ့ကြသည်။

၁။ ပထမ သင်္ဂါယနာ
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး ၄ လခန့်ကြာသောအခါ (ဘီစီ ၅၄၄) အိန္ဒိယနိုင်ငံ၊ ရာဇဂြိုဟ်ပြည်၊ ဝေဘာရတောင် သတ္တပဏိ လိုဏ်ဂူတော်တွင် ရဟန္တာအရှင် သူမြတ်များဖြစ်ကြသော အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာတို့ ကြီးမှူး၍ သံဃာတော် ၇၀၀၀၀၀ တို့က ပိဋကတ်တော်များကို နှုတ်တက်အားဂုံဆောင်တော်မူခဲ့ ကြသည်။ ပိဋကတ်တော်များကို အရှင်မဟာကဿပက အမေးပြု၍ အရှင်ဥပါလိ (၀ိနည်း) နှင့် အရှင်အာနန္ဒာ (သုတ္တန်၊ အဘိဓမ္မာ)တို့က ဖြေဆိုတော်မူကာ ပထမသင်္ဂါယနာ တင်ခဲ့သည်။ ပစ္စယာနုဂ္ဂဟ ထောက်ပံ့လှူဒါန်းသော မင်းမှာ အဇာတသတ်မင်း ဖြစ်သည်။

၂။ ဒုတိယသင်္ဂါယနာ
ဒုတိယ သင်္ဂါယနာကို (ဘီစီ ၄၄၄) အိန္ဒိယနိုင်ငံ၊ ဝေသာလီပြည် ၀ါဠုကာရာမ ကျောင်းတော်ကြီး၌ အရှင်ယသမထေရ် အမှူးရှိသော ရဟန္တာ ၇၀၀ နှင့်တကွ ရဟန်း သံဃာတော်ပေါင်း ၉၀၀၀၀ တို့က ပိဋကတ်တော်များကို နှုတ်တက်အာဂုံဆောင်ကာ ဒုတိယသင်္ဂါယနာ တင်ခဲ့ကြသည်။ ပစ္စယာနုဂ္ဂဟ ထောက်ပံ့လှူဒါန်းသော မင်းမှာ ကာလာသောမမင်း ဖြစ်သည်။

၃။ တတိယသင်္ဂါယနာ
တတိယသင်္ဂါယနာကို (ဘီစီ ၃၀၉) အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်၊ အာသောကာရာမ ကျောင်းတော်၌ အရှင်မဟာမောဂ္ဂလိပုတ္တ မထေရ်အမှူးပြုသော ရဟန္တာ ၁၀၀၀ တို့က ပိဋကတ်တော်များကို နှုတ်တက်အာဂုံဆောင်တော်မူကာ တတိယသင်္ဂါယနာ တင်ခဲ့ကြသည်။ ပစ္စယာနုဂ္ဂဟ ထောက်ပံ့လှူဒါန်းသော မင်းမှာ သီရိဓမ္မာသောကမင်း ဖြစ်သည်။

၎။ စတုတ္ထသင်္ဂါယနာ
စတုတ္ထသင်္ဂါယနာကို (ဘီစီ ၉၄) သီဟိုဠ်ကျွန်း(ယခု သီရိလင်္ကာနိုင်ငံ) မလယဇနပုဒ်ရှိ အသောကလိုဏ်ဂူတွင် အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်တော် ရဟန္တာ ၅၀၀ တို့က နှုတ်တက်အာဂုံဆောင်တော်မူကာ စတုတ္ထသင်္ဂါယနာ တင်တော်မူခဲ့သည်။ ထိုစတုတ္ထသင်္ဂါယနာမှစ၍ နောင်ရဟန်း သံဃာများ နှုတ်တက်အာဂုံမဆောင်နိုင်ကြလျှင် ပိဋကတ်တော်များ ပျောက်ပျက် တိမ်ကောသွားမည်ကိုအရှည်မြင်သဖြင့် ပေရွက်များ ပေါ်တွင် ရေးထိုးကာ ပေထက်အက္ခရာ တင်ခဲ့ကြသည်။ ပစ္စယာနုဂ္ဂဟ ထောက်ပံ့လှူဒါန်း သော မင်းမှာ ၀ဋဂါမဏိမင်း ဖြစ်သည်။

၅။ ပဉ္စမသင်္ဂါယနာ
ပဉ္စမသင်္ဂါယနာကို (အေဒီ ၁၈၇၁) မြန်မာနိုင်ငံ မန္တလေးရတနာပုံနေပြည်တော်၌ အရှင်ဇာဂရမထေရ်ဦးစီးအမှူးပြုသော ရဟန်းသံဃာတော်ပေါင်း ၂၄၀၀ တို့က ၇ နှစ်၊ ၆ လ၊ ၁၄ ရက်ကြာအောင် နှုတ်တက် အာဂုံဆောင်ကာ သင်္ဂါယနာတင်ခဲ့ရသည်။ ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ကာ ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် ဖြင့်မှတ်တမ်းတင်ခဲ့ကြသည်။ ထိုကျောက်စာများကို မန္တလေးမြို့ ၊ မန်းတောင်ခြေရှိ ကုသိုလ်တော်ဘုရားဝင်းအတွင်း၌ ကြည့်ရှု ပူဇော်နိုင်ပါသည်။ ပစ္စယာနုဂ္ဂဟ ထောက်ပံ့လှူဒါန်း သော မင်းမှာ မင်းတုန်းမင်း ဖြစ်သည်။

၆။ ဆဌသင်္ဂါယနာ
ဆဌသင်္ဂါယနာကို (အေဒီ ၁၉၅၄) မြန်မာနိုင်ငံ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတွင် ထေရ၀ါဒငါးနိုင်ငံတို့မှ ကျမ်းဂန်တတ်ဆရာတော်များကို ပင့်ဆောင်၍ သင်္ဂါယနာတင်ခဲ့ကြသည်။ မြန်မာပြည်မှ မန္တလေး ညောင်ရမ်းဆရာတော် ဘဒ္ဒန္တရေ၀တ အမှူးပြုသော သံဃာတော်ပေါင်း (၂၄၀၀) နှင့် ယိုးဒယား၊ သီဟိုဠ်၊ ကမ္ဘာဒီးယား၊ လာအို ထို ၄ နိုင်ငံတို့မှ သံဃရာဇာဆရာတော်များနှင့် ကျမ်းတတ် ဆရာတော် (၁၄၄) စုစုပေါင်း ရဟန်းသံဃာတော် (၂၆၁၇ ) ပါးတို့က ပိဋကတ်တော်များ သန့်ရှင်းစင်ကြယ်စေရန်  ၂ နှစ်ကြာအောင် နှုတ်တက်အာဂုံဆောင် ရွတ်ဖတ်သရဇ္ဈာယ်၍ သင်္ဂါယနာတင်ခဲ့ကြသည်။ ရန်ကုန်မြို့  မဟာစည်သာသနာ့ရိပ်သာဆရာတော် ဘဒ္ဒန္တ သောဘဏထေရ်က အမေးပြု၍ မင်းကွန်းတိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော် ဦးဝိစိတ္တမှ အဖြေပုဂ္ဂိုလ်ဝိဿဇ္ဖအဖြစ်ဆောင်ရွက်ခဲ့သည်။ ပစ္စယာနုဂ္ဂဟ ထောက်ပံ့ လှူဒါန်း သော ၀န်ကြီးချုပ်မှာ ဦးနု ဖြစ်သည်။

ပိဋကတ်တော်များကို ကျမ်းစာအုပ်ပေါင်း ပါဠိတော် ၄၀ အုပ်၊ အဌကထာ ၅၁ အုပ် နှင့် ဋီကာ ၂၆ အုပ်တို့ကို ဆဌသင်္ဂါယနာတင်ခဲ့သည်။ ထိုကဲ့သို့ သာသနာနှစ် ၂၅၀၀ အတွင်း သင်္ဂါယနာ ၆ ကြိမ်တင်၍ သာသနာကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ခဲ့ကြသော ရဟန်း၊ သံဃာများသည်သာ ဗုဒ္ဒသာသနာကို စောင့်ရှောက်သူများ အစစ်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်များ အမှန်မြင်နိုင်ကြပါစေ။


No comments:

Post a Comment