Saturday, 25 August 2012

ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ

ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ

ပဋ္ဌာန်းကို ပြောမယ်ဆိုရင် အဘိဓမ္မာ (၇)ကျမ်းလုံးကိုလဲ နည်းနည်းစိစစ်ရမယ် ၊

သတ္တ သတ္တာယ (၇) ခုကိုလဲ နည်းနည်းတော့ ရေးဥိးမှ ကောင်းမယ် ။ပဋ္ဌာန်းကို စပြီးဆင်ခြင်တဲ့ သမိုင်းလေးရယ် ၊ ဆက်နွယ်နေတဲ့ ဖြစ်စဉ်လေးတွေရယ် ပါ သိရတော့ ပိုကောင်းပါမယ်။

မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက်(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ၀င်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )

(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ]

(ဂ) (ရတနာ) စင်္ကမ သတ္တာဟ။ ။ နောက်တခါ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆) ရက်နေ့အထိ ၇-ရက် တွင် ဗောဓိပင်ပလ္လင် နဲ့ အနိမိသဌာန အကြား ၊ ဗောဓိပင်၏ မြောက်ဘက်၌ စင်္ကြံကြွကာ ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ဒီနေရာမှာ နတ်တွေက “….ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည် ၊ ဘုရားစင်စစ်မဖြစ်သေး”..ယုံမှားသံသယဖြစ်ကြသည်။ထိုယုံမှားပျောက်စေရန် ရေအစုံ ၊ မီးအစုံ ယမကပြာဋိဟာပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ဖလသမပတ် ၀င်စားသောကြောင့် ” စင်္ကမ သတ္တာဟ “ခေါ်သည်။

(ဃ) ရတနာဃရ သတ္တာဟ။ ။ ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း (၆) ရက်နေ့မှ (၁၃)ရက်အထိအဘိဓမ္မာတရားတော်ကိုဆင်ခြင်နေတော်မူပါတယ်။အဘိဓမ္မာရှေးဦး(၆)ကျမ်းကိုဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ ။နောက်ဆုံး ပဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးကာ နတ်၊ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်၏ ။

(၁)နီလ=ညိုမှောင်သောအရောင်(ဆံပင်၊မွေးညှင်းမျက်လုံးမှထွက်သည်)
(၂)ပီတ=ရွှေရောင်(အသားနဲ့မျက်လုံးမှထွက်သည်)
(၃)လောဟိတ=အနီရောင်(အသွေးအသားထဲမှနှင့်မျက်လုံးမှထွက်သည်)
(၄)သြဒါတ= အဖြူရောင် (အရိုးတော်များ ၊ သွားတော် စွယ်တော်များ နှင့် မျက်လုံး မှ ထွက်သည်)
(၅)မဉ္ဇိဋ္ဌ=ညိုမောင်းသောအရောင်(ခန္ဓာအစိတ်အပိုင်းကြီးငယ်မှထွက်သည်)
(၆)ပဘဿရ=ပြိုးပြိုးပျက်ပျက်အရောင်(ခန္ဓာအစိတ်အပိုင်းကြီးငယ်မှထွက်သည်)
တဆက်တည်း မှာ သတိရလာတာလေး ပြောဥိးမယ်။ ဒီ ရောင်ခြည်တော် (၆)ပါးကိုပဲ ၁၉၅၀ ၊မေလ မှာကျင်းပတဲ့ ကိုလံဘို ကမ္ဘာ့ဗုဒ္ဓညီလာခံမှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ အလံ အဖြစ် တီထွင် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့်အလံတော်မှာအရောင်(၅)မျိုးပဲပါပါတယ်။
ပဘဿရ ဆိုတဲ့ ပြိုးပြိုးပျက်ပျက် အရောင် သည် ကျန် အရောင် ၅ မျိုးမှာ အကျုံးဝင်ပြီး ဖြစ်ပါတယ်။နီလ ဆိုတဲ့ ညိုမှောင်သော အရောင်ဆိုတာ အနီးစပ်ဆုံး အပြာရောင် အဖြစ် အတည်ပြုလိုက်ပါတယ်။ အရောင်နဲ့ ဆိုင်တဲ့ ဘာသာပြန်ကွဲလွဲမှုတွေကို မြန်မာနဲ့ သီဟိုဠ် ဆရာတော်တွေ ပြန်ညှိရပါတယ်။မဉ္ဇိဋ္ဌ ဆိုတဲ့ ညိုမောင်းသော အရောင် ၊ မရမ်းစေ့ရောင် ကို လိမ္မော်ရောင်လို့ အတည်ပြုလိုက်ပါတယ်။ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ အလံမှာ (၅)ရောင်ရှိနေပါတယ်။
နီလ = Universal Compassion ၊ Loving kindness, peace and universal compassion .. မဟာကရုဏာတော်
ပီတ = The Middle Path ၊ avoiding extremes, emptiness မဇ္စိုမ ပဋိပဒါ လမ်းစဉ်
လောဟိတ = The blessings of practice - achievement, wisdom, virtue, fortune and dignityမင်္ဂလာတရား
သြဒါတ = The purity of Dharma - leading to liberation, outside of time or space ၀ိသုဒ္ဓိ ၊ ၀ိမုတ္တိတရား
မဉ္ဇိဋ္ဌ=TheBuddha’steachings-wisdomပညာ
ပဘဿရ = အပေါ် (၅)မျိုးပေါင်းထားခြင်း ..တို့ ဖြစ်တယ် ဆိုပါတော့ ။

(င) အဇပါလသတ္တာဟ ( ဆိတ်ကျောင်း ညောင်ပင်) ။ ။ ဗောဓိပင် ရဲ. အရှေ. (၃၂)လံ အကွာမှာ ဖြစ်ပါတယ် ။ နယုန်လဆန်း (၁၄)ရက်နေ့မှနယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်ဖြစ်ပါတယ်။ မာရ်နတ်ရဲ. သမီး (၃) ယောက် ( တဏှာ ၊အရတီ ၊ရာဂါ ) က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ( မိန်းကလေးတွေ ဘုရားရှင်ကိုတောင် မာယာနဲ့ လှည့်စားချင်သေးတာ ပုထုဇဉ် ပုရိသ တွေကတော့ ဘာပြောကောင်းမလဲ ၊ ဘာမှကိုပြောလို့ မကောင်းပါဘူး ။ ) ဒီ ဆိတ်ကျောင်း ညောင်ပင် မှာပဲ ဟုန်ဟုန်က ပုဏ္ဏားက အဘယ်သူကို ဗြဟ္မာဏ မည်ပါသလဲ လို့ မေးလျှောက်ပါတယ်။ ဘုရားရှင် ဒီနေရာမှာပဲ သတ္တ၀ါတွေကို တရားဟောဖို့ စပြီး စီစဉ်ဆုံးဖြတ်တော်မူပါတယ် ။

(စ) မုစလိန္ဒ သတ္တာဟ ( မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန) ။ ဗောဓိပင် ရဲ. အရှေ.တောင် (၁၅)လံ အကွာ မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်ထိ ဖြစ်ပါတယ် ။ဒီမှာ ပြောင်းရွေ.သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့ပါတယ်။ ဒီအခါမှာ မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်ပေမယ့်် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။နဂါးမင်းအား သတ္တ၀ါတွေကို မငြင်းဆဲဖို့ ဒေါသကို ထိန်းဖို့ ၊ ငါ ဟူသော မာန်မာန ကို ခွာဖို. ဆုံးမတော်မူပါတယ်။

(ဆ) ရာဇာယတန သတ္တာဟ (လင်းလွန်းပင် )။ ။ဗောဓိပင် ရဲ.တောင်ဘက် (၄၀)လံ အကွာ..[ (၁၁)လံ ဟု စာမှာရှိပေမဲ့ ဗုဒ္ဓဂါယာမှာ လက်တွေ့အားဖြင့် (၄၀) လံ ရှိတယ်လို့ ဆိုပါတယ် ] နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ၀င်စား ပါတယ် ။ (၇) ရက်ပြည့်တဲ့ မနက်မှာ သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါတယ်။ ကိုယ်လက်သန့်စင် အပေါ့ ၊အလေးသွားပြီး (၄၉)ရက်တာ ပင်ပန်းခဲ့ရသမျှကို သည်းခံတော်မူပါတယ်။အဲဒီ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ် နေချိန်မှာ မြန်မာနိုင်ငံ ၊ ရာမညတိုင်း ၊ ဥက္ကလာ ဇနပုဒ် ၊ပေါက္ကရ၀တ္တီ ဇနပုဒ် တို့မှ ကုန်သည်ညီနောင် တဖုဿ၊ဘလ္လိက မှ မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ (ပြောရရင် များတယ် ။ စိတ်ဝင်စားစရာဖြစ်လို့ သီတဂူဆရာတော် ရဲ့ တဖုဿ၊ဘလ္လိကညီနောင်တရား နာပါလေ ။ ) ဒီကုန်သည်ညီနောင် ကပ်တဲ့ ဆွမ်းကို လက်ခံဖို့ စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးမှ သပိတ် (၄)လုံး တပြိုင်တည်းကပ်လှူကြရာ ဘုရားရှင်က အဓိဌာန်နဲ့ (၁)လုံးတည်းဖြစ်စေပြီး အလှူခံပါတယ်။ ( ဒီသပိတ်တော်ကို အခုခေတ်မှာပါ ဖူးရရင် သိပ်ကောင်းမှာပဲနော် ) ။ ကုန်သည်ညီနောင် ကို သံဃာမရှိသေးတဲ့ အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါး ပဲ ပေးပါတယ်။ဆံတော် (၈)ဆူ စွန်.တော်မူပါတယ် ။ ဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။

အဘိဓမ္မာ၇-ကျမ်း။
အဘိဓမ္မာနှင့်အဘိဓမ္မတ္ထမည်ပုံ။
အဘိဓမ္မာ ၇-ကျမ်းလုံးသည် အဘိဓမ္မာ မည်၏။ စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန် ၄-ပါးသည် အဘိဓမ္မတ္ထ မည်၏။

အဘိဓမ္မာသမိုင်းနှင့်အဘိဓမ္မာ၇-ကျမ်း
အဘိဓမ္မာ၇-ကျမ်းကိုသုံးသပ်ဆင်ခြင်ခြင်း
(အပေါ်မှာဖော်ပြပြီးသားပါပဲ)
မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် သတ္တဌာန စံတော်မူရာ နယုန်လဆန်း ၇-ရက်နေ့မှ ၁၃ ရက်နေ့ထိတွင် ဗောဓိပင်နှင့် ရွှေပလ္လင်၏ အနောက်မြောက်အရပ်၌ နတ်တို့ဖန်ဆင်း လှူဒါန်းအပ်သော ရတနာရွှေအိမ် (ရတနာဃရ) တွင် သီတင်းသုံးတော်မူပြီး အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ် ဆင်ခြင်တော်မူသည်။

အဘိဓမ္မာ ၇-ကျမ်းကို ဟောကြားတော်မူခြင်း

မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့် နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။

အကျယ်နည်း
မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာအကျယ်နည်း ( ၀ိတ္ထာရနယ ) ကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်းဖြစ်သည်။

အကျဉ်းနည်း
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ)တော်မူသည်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အကျဉ်းချုပ်နည်း ( သင်္ခေပနယ ) ကို ဟောတော်မူသည်။

မကျဉ်းမကျယ်နည်း
ရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် နည်း ( နာတိဝတ္ထာရ-နာတိသင်္ခေပနယ )ဖြင့် ပြန်လည် ပို့ချတော်မူသည်။
နောက်တနေ့တွင် ထိုပို့ချချက်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့သည်။

ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိ ၃-လအတွင်း နည်း ၃-နည်းဖြင့် လူ့ပြည်-နတ်ပြည်တပြိုင်တည်းပေါ်ထွန်းခဲ့လေသည်။(ဒီနေရာမှာဒီအဘိဓမ္မာတရားကိုညီတော်အာနန္ဒာကိုလည်း မြတ်စွာဘုရားပြန်ဟောသွားမယ်ဆိုတာ သေချာပါတယ်။ အာနန္ဒာရဲ့ ပန်ဆုရှိနေပြီးသား ၊ ဘုရားကလဲ ကတိပေးပြီးသား ဖြစ်နေတာကိုး။ )

အကျဉ်းချုပ်အလျက်အားဖြင့်တော့ -
၁။ဓမ္မသင်္ဂဏီကျမ်း
ဓမ္မ-တရား၊သင်္ဂဏီ-ရေတွက်ခြင်း၊
ပရမတ္ထတရားများကိုရေတွက်ပေါင်းရုံးပြသောကျမ်းဖြစ်သည်။
ထိုသို့ ပေါင်းရုံးပြရာတွင် ဦးစွာ ခေါင်းစဉ် မာတိကာများကို ဟောကြားပြီးမှ ထိုမာတိကာများအလိုက် အဓိပ္ပါယ် အကျယ်ကို ဆက်လက် ဟောကြားတော်မူသည်။

၂။ဝိဘင်္ဂ(၀ိဘင်းကျမ်း)၀ိဘင်္ဂ-အကျယ်ဝေဖန်ဟောခြင်း။
ဓမ္မသင်္ဂဏီတွင် စုပေါင်းရေတွက်ခဲ့သည့် ပရမတ္ထတရားများကို ၁၈-ပိုင်းခွဲပြီး နည်း ၃-နည်းဖြင့် အကျယ်ဝေဖန် ဟောကြားသည့် ကျမ်းဖြစ်သည်။ နည်း ၃-နည်း မှာ ..- တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တန္တဘာဇနီယနယ)- အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ)
- တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဥှာပုစ္ဆကနယ)
တို့ဖြစ်သည်။

၃။ဓာတုကထာကျမ်း
ခန္ဓာ အာယတန ဓာတ် တို့ဖြင့် ဝေဖန်ဟောကြားသောကျမ်းဖြစ်သည်။ရုပ် နာမ် ၂-ပါးကိုပင် ခန္ဓာ ဟူ၍လည်းကောင်း၊ အာယတန ဟူ၍လည်းကောင်း၊ ဓာတ် ဟူ၍ လည်းကောင်း ခေါ်သည်။ ထိုတွင် ဓာတ်သည် ခန္ဓာ, အာယတန တို့ထက် အရေအတွက်အားဖြင့် များသောကြောင့် ဓာတ်ကို ခေါင်းတည်ပြီးဓာတုကထာဟု ခေါ်ရခြင်းဖြစ်သည်။ဓမ္မသင်္ဂဏီ၊ ၀ိဘင်းတို့၌ ဟောကြားခဲ့သော ပရမတ္ထတရားများကို ခန္ဓာနည်း၊ ဓာတ်နည်း၊ အာယတနနည်းတို့ဖြင့် ဝေဖန် ဟောကြားထားသည်။

၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)အထက်ပါ ၃-ကျမ်းကို ဟောကြားစဉ်တွင် နတ်ဗြဟ္မာတို့၏ စိတ်၌ လောကတွင် ပရမတ္ထဓမ္မများသာ အရေးပါပြီး ပညတ်တရားတွေက အရေးမပါဘူးလား ပရမတ္ထတရားတွေသရှိပြီးပညတ်တရားတွေဆိုတောမရှိတော့ဘူးလားစသဖြင့်သံသယ၀င်လာကြသည်။ထိုသံသယများကိုဖြေဖျောက်တော်မူရန် ပုဂ္ဂိုလ် ပညတ်များကို ဟောကြားသည့်ပုဂ္ဂလပညတ်ကျမ်းကို ဟောတော်မူသည်။

၅။ကထာဝတ္ထုကျမ်း
ကထာ-အယူအဆ ၀ါဒရေးရာနှင့် ပတ်သက်သောစကား၊ ၀တ္ထု-ထိုစကား (တရား) များတည်ရာ။
အယူအဆ ၀ါဒရေးရာနှင့် ပတ်သက်ပြီး ဟောပြသောကျမ်း ဖြစ်သည်။ဟောကြားပြီးဖြစ်သော အထက်ပါ ၄-ကျမ်းနှင့် ဟောလတ္တံ့ ဖြစ်သော ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်း တို့နှင့် ပတ်သက်၍ ၀ိဝါဒဖြစ်လာလျှင် အမှန်အမှား ခွဲခြားနိုင်ရန် မှတ်ကျောက်သဖွယ် ဖြစ်သော ကထာဝတ္ထုကျမ်းကို ဟောကြားတော်မူသည်။

၆။ယမက(ယမိုက်ကျမ်း)ယမက-အစုံ(တစုံ)။
-အနုလောမ(အနုလုံ)-ပဋိလောမ(ပဋိလုံ)အားဖြင့်တစုံ၊
-ပုစ္ဆာ(အမေး)-၀ိသဇ္ဖနာ(အဖြေ)အားဖြင့်တစုံ၊
-သန္နိဋ္ဌာန်(ဆုံးဖြတ်ခြင်း)-သံသယ(ယုံမှားခြင်း)အားဖြင့်တစုံ၊
စသဖြင့် ပရမတ္ထတရားများကို အစုံလိုက် အစုံလိုက် ဟောကြားတော်မူသော ကျမ်းဖြစ်သည်။

၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ပ-အမျိုးမျိုး၊ ဌာန-အကြောင်းတရား။အကြောင်းတရား အမျိုးမျိုး (ကြောင်းကျိုးဆက် အမျိုးမျိုး) တို့ကို ဟောတော်မူသောကျမ်း ဖြစ်သည်။ဓမ္မသင်္ဂဏီ စသော အထက်ပါ ၆-ကျမ်းကို ၂၄-ပစ္စည်းဖြင့် စက်လှည့်ပြီး ဉာဏ်တော်ကျက်စား ဟောကြားထားသည်။ ပဋ္ဌာန်းကျမ်းကြီးကို ဟောကြားတော်မူရာ၌ ဥဒ္ဒေသ (အကျဉ်း)၊ နိဒ္ဒေသ (အကျယ်)၊ ပဋိနိဒ္ဒေသ (ထပ်ဆင့်အကျယ်)တို့ဖြင့်အဆင့်ဆင့်ဟောကြားတော်မူသည်။
(ကိုးကား ။ ။ သာကီနွယ်၏ အဘိဓမ္မာကျင့်စဉ်မှ)လက်ရှိ ပိဋကတ် (၃)ပုံ မြန်မာပြန်မှာက ဓာတုကထာကျမ်း၊ ယမိုက်ကျမ်း နဲ့ ပဋ္ဌာန်းကျမ်း မပါသေးဘူး ။ ဒါကြောင့် အကိုတို့ လေ့လာဖို့ ခက်နေသေးတယ်။ ဒီအပြင် အဋ္ဌကထာနဲ့ ဋီကာ မပါဘဲနဲ့ လဲ လေ့လာလို့ မရဘူး။ မြန်မာပြန်ကို ဖတ်ကြည့်ပေါ့ ။ လက်ရှိမှာတော့ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာရှိတယ် ။

အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။ ရက်အများဆုံးဟော ရတယ်ဆိုတာ သတိထားပါ။

နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာ ဟာလဲ အကြောင်းတစ်ခုလို့ ဆိုပါတယ်။ သာမာန်လူ စကား (၁)ခွန်းပြောရင် အရှင်အာနန္ဒာက (၈) ခွန်း ၊ ဘုရားရှင်က (၁၂၈) ခွန်းပြောနိုင်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ပါရမီဖြည့်စဉ် ကာလတလျောက်လုံး မုသားဝါဒ( ၀စီဒုစရိုက် -၄-ခုလုံးပေါ့ ) ကို လုံးဝ မပြောခဲ့တဲ့ သီလကောင်းမှုကြောင့် ဘုရားရှင်မှာ သွားတော် (၄၀) ရှိတဲ့ အပြင် အသံရဲ့ ကြည်လင်ပီပြင်ခြင်း ၊ လိုအပ်သူကို သာ ကြားစေခြင်း စသော ကောင်းကျိုးတွေပါ ရစေပါတယ်။
အကို တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်… (ယမိုက်ကျမ်း-အရ)လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ  လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ် နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ အကိုတို့နဲ့ ရေတွက်ပုံ တူရင်ပေါ့ လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။

ဒါတွေက ပဋ္ဌာန်းနဲ့ ဆက်နွယ်နေတဲ့ ဖြစ်စဉ်တွေပေါ့ ။ မဆိုင်တာတွေပါ ပါနေပေမယ့် ဗဟုသုတရစရာတွေ မို့လို့ အကုန် ရေးပေးလိုက်တာပါ ။ ပဋ္ဌာန်းကို နောက်နေ့ပြောကြတာပေါ့။

ပဋ္ဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ ။ ။ပဋ္ဌာန်း = ပ + ဌာန
ပ = အမျိုးမျိုးအစားစား များပြားသောဌာန = အကြောင်း (ဒီနေရာမှာ စာလုံးပေါင်းမူကွဲနေတာ သတိထားမိပါတယ်။ ဋ္ဌ နဲ့ ဌ ဖြစ်ပါတယ်။ စာအုပ်တော်တော်များများမှာ ပဋ္ဌာန်း ကို ဋ္ဌ နဲ့ ဖော်ပြပြီးတော့ ဌာန လို့ ပြန်ခွဲတာကိုတော့ ဌ နဲ့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ကြည့်တော့ ဋ္ဌ = ဋ + ဌ လို့ တွေ့ရပါတယ်။ ပ+ဌာန ကို သီဟိုဠ် ပါဠိ ပြင်လိုက်တော့ ပဋ္ဌာန်း လို့သာ မြန်မာ အက္ခရာနဲ့ ရေးရမယ်ဆိုပါတယ်။ ပဌာန်း လို့ မရေးကြရပါဘူး။ အရေးမကြီးလှပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲသွားမှာစိုးလို့ သတိထားမိပါတယ်။ ) ။
နောက်အမည်တစ်မျိုးကတော့ -
အနန္တနယသမန္တပဋ္ဌာန်းကျမ်း=အနန္တနယ+သမန္တ
အနန္တနယ=အဆုံးမရှိသောကျမ်း
သမန္တ = ထက်ဝန်းကျင်အဆုံးမရှိသော နည်းလမ်းတို့ဖြင့် တန်ဆာဆင်ထားသော ထက်ဝန်းကျင် ပြည့်စုံသောကျမ်းလို့ခေါ်ကြပါတယ်။
ဒီတော့ ပဋ္ဌာန်း ဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားတဲ့ တရားတော်ဖြစ်ပါတယ်။လောကကြီးမှာ ပညတ်သဘောအရ သတ္တလောက ၊ သြကာသ လောက ၊ သင်္ခါရ လောက ရယ်လို့ (၃)မျိုးရှိပါမယ်။ ဒီလောကတွေကို ပရမတ်အားဖြင့် ခွဲစိတ်ရင်တော့ ရုပ် နဲ့ နာမ် ( ၂ ) ပါးပဲ ရှိပါမယ်။ ဒီအထဲမှာမှ အကြမ်းအားဖြင့် နာမ် ကို ထပ်ခွဲတော့ စိတ် နဲ့စေတသိတ် (၂)မျိုး ထပ် ရှိမယ်။ ဒီတော့ သက်ရှိမှန်သမျှမှာ ရုပ်နဲ့ နာမ် ( တနည်း ) ရုပ် ၊ စိတ် ၊ စေတသိတ် တို့ ရှိနေပြီး ၊ သက်မဲ့မှာတော့ ရုပ်သာလျှင် ရှိပါမယ်။ လောကကြီးမှာ ရှိတဲ့ နိယာမတရား(၅)ပါးနဲ့ထိတွေ့တဲ့အခါအချို့သော သက်မဲ့များဟာ သက်ရှိအလား ထင်မှတ်မှားရပါတယ်။ မွေးဖွားတယ် ၊ ကြီးရင့်တယ် ၊ အိုဟောင်းလာတယ် ၊ မျိုးပွားတယ် ၊ သေကြေပျက်စီးတယ် သဘောတွေ တူနေကြလို့ သက်မဲ့ ကို သက်ရှိ အဖြစ် အယူမှားတာတွေ ရှိခဲ့ ၊ ရှိနေကြတယ်။ အထင်ရှားဆုံးကတော့ သစ်ပင်တွေပေါ့ ။

နောက်တစ်ချက် ဒီ လောက (၃)ပါးမှာ အ၀ိဇ္ဖာနဲ့ တဏှာ ကို အရင်းခံပြီး ဥပါဒါန် ၊ ကံ (သင်္ခါရ) နဲ့ အာဟာရ တွေ ထောက်ပံ့ တည်ပေးနေသမျှကတော့ သတ္တလောက က သတ္တ၀ါတွေဟာ သြကာသလောကထဲက ဘုံ အမျိုးမျိုးမှာ ကျင်လည်နေကြရမှာပါပဲ ။ ဒီလို ဒုက္ခတွေ မွေးလိုက်၊သေလိုက်နဲ့ လည်နေတာကို သံသရာလို့ ခေါ်တာပါပဲ ။ ဒီလို လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊ တိရ စ္ဆာန် ဖြစ်လိုက် ၊ အပယ်ရောက်လိုက်၊ ငရဲကျလိုက်ဖြစ်နေတာတွေဟာ ကိုယ် ပြုဖူးတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်တယ်။ ဘယ်တန်ခိုးရှင်တစ်ဦးတစ်ယောက်မှ ဖန်တီးပေးနေတာ မဟုတ်ဘူး။ အကြောင်းတရား ရှိခဲ့ လို့ ဒီလို အကျိုးတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ ပိုင်းခြားဟောထားတာကတော့ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ပါပဲ ။

မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ ရဲ့ ညဉ့်ဦးယံမှာ ရှေးက ခန္ဓာ စဉ်ကို ပြန်အောက်မေ့ သိရှိနိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် ၊သန်းခေါင်ယံမှာ နတ်မျက်စိနဲ့ တူတဲ့ ဒိဗ္ဗစက္ခှုဥာဏ်တွေကို ရရှိပြီးတော့ အာသ၀က္ခာဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို အလွယ်တကူ မရပါဘူး။ ဒါကြောင့် ဘာမှားနေလဲ ဆိုပြီး ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် နဲ့ ရှေး ဘုရားတွေကို ပြန် ကြည့်ပါတယ်။ ဒီအခါမှာ ရှေးရှေးကပွင့်တော်မူပြီးသော ဘုရားရှင်အားလုံးဟာ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ကို ဆင်ခြင်ပြီးမှသာ ဘုရားဖြစ်တော်မူကြကြောင်း သိတော်မူပြီး အနုလောမ ၊ ပဋိလောမ အားဖြင့် ဆင်ခြင်နှလုံးသွင်းပါတယ်။ ဒါကြောင့်လဲ မိုးသောက်ယံမှာ အာသ၀က္ခယဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို ရရှိပြီး ဗုဒ္ဓ အဖြစ်ရောက်တော်မူပါတယ်။

ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်ဆိုတာကလည်း ခန္ဓာဥာဏ်ရောက် သဘောပေါက်အောင် ဟောရ ၊ရေးရမယ်ဆိုရင် ခက်လွန်း ၊ ပရိယာယ် များလွန်းလို့ ၀ိသုဒ္ဓမဂ် အဋ္ဌကထာကို စီရင်ရေးသားတဲ့ အရှင်ဗုဒ္ဓဃောသ ကိုယ်တော် ကြီး ကတောင် သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ ယုန်သူငယ် ခြေထောက်လို့ မမီနိုင်သလိုပဲလို့ ညည်းတော်မူခဲ့ရပါတယ်။ ဘုရားရှင်တောင် ပဋိစ္စ သမုပ္ပါဒ်ကို ဆင်ခြင်ပြီးမှ ဘုရားဖြစ်တယ်ဆိုတော့ ကနေ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ ၀ိပဿနာ ယောဂီတိုင်း ၀ိပဿနာကျင့်စဉ် ၊ သစ္စာတရား နဲ့ ပဋိစ္စ သမုပ္ပါဒ်ကို ယှဉ်တွဲ သွားမှသာ လမ်းမှန်မယ်လို့ ဆိုရပါမယ်။ ပရိညာ (၃) ပါး ရှိတဲ့ အထဲမှာ ဥာတပရိညာ နဲ့ ဒိဋ္ဌိဖြုတ်မှုကို ရှေ့တန်းတင်ရပါမယ်။ တိရဏ ပရိဥာကို ရှေ့တန်းတင်ပါက ရှေ့နောက်လွဲပြီး တရားမရဖြစ်နေတတ်ပါတယ်။

ပဋိစ္စ သမုပ္ပါဒ်ကို နားမလည်ပါက ဒိဋ္ဌိကို ဥာတပရိညာ (အသိ) နဲ့ တောင် ခွာမရတော့ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင် မိစ္ဆာ ဒိဋ္ဌိတွေ ဖြစ်နေကြဦးမှာပေါ့ ။ပဋိစ္စ သမုပ္ပါဒ်ကို နားလည်ရင်တော့ အဟေတုက ၊ နတ္ထိက ၊ အကိရိယ ဟူသော နိယတ မိစ္ဆာ ဒိဋ္ဌိ (၃)ပါးမှ စပြီး အားလုံး (၆၂)ပါးသော မိစ္ဆာ ဒိဋ္ဌိများကို ဥာတပရိညာ (အသိ) နဲ့ ကင်းစင်စေပါမယ် ။ ပိဋကတ်တော်တွေမှာ ရှိတဲ့ အခြားအခြားသော သုတ္တာန် များ ၊ ဓမ္မများကို တဦးတယောက်က ၀င်ရေးသွားခဲ့တာ လို့ ပြောရင် ပြောနိုင်လိမ့်မယ်။ အငြင်းပွားစရာ ရှိနိုင်တယ်။ သစ္စာတရား ၊ ပဋိစ္စ သမုပ္ပါဒ် နဲ့ ပဋ္ဌာန်း ကိုတော့ မည်သူမျှ ကြားဝင် စဉ်းစားနိုင်သော တရားမဟုတ်ပါ ။ ဘုရားရှင်ကိုယ်တိုင် သဗ္ဗညုတ ဥာဏ်တော်နဲ့ ဖော်ထုတ်ဟောပြောခဲ့သော တရားစစ်စစ်များဖြစ်ကြောင်း ခေတ် အဆက်ဆက် ထောက်ခံခဲ့ကြပါတယ်။

ပဋိစ္စ သမုပ္ပါဒ် က အကြောင်းအကျိုး ဆက်နွယ်မှုကို ပြတယ် ။ ဒီအကြောင်းတွေ ကြောင့် ဒီ အကျိုး ပေါ်လာတယ် ၊ ဒီအကြောင်းမရှိရင် ဒီအကျိုးအပေါ်ဘူး။ ဒီအကြောင်းချုပ်ရင် ဒီအကျိုးချုပ်မယ်။ စသည်ဖြင့် ရှင်းလင်းဟောကြားထားတယ်။ သုတ္တန် ဒေသနာ နည်းနဲ့ဟော ပါတယ်။
ဒီတော့ အကျိုးဖြစ်နေတာတွေကတော့ သိပါပြီ။ ဒီအကျိုးပေါင်းစုံကို ဖြစ်စေတဲ့ အကြောင်းတရား တွေနဲ့ သူတို့ရဲ့ စွမ်းအင်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းမှာ ဟောကြားပါတယ်။ ပဋ္ဌာန်းကိုတော့ အဘိဓမ္မာနည်း နဲ့ ပရမတ္တ တိတိကျကျ ခွဲခြားပြီးဟောပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်းတရား လို့ အဓိပ္ပါယ်အားဖြင့်လဲ ပေါ်လွင်လာပါတယ်။

ပဋ္ဌာန်းကို(၃)မျိုးခွဲလေ့လာကြပါတယ်။
(၁)အမျိုးမျိုးအစားစားများပြားသောအကြောင်းတရားများ
(၂)ကုသိုလ်တရား၊အကုသိုလ်တရားများကိုဖန်တီးခြင်း
(၃)ကုသိုလ်တရား၊အကုသိုလ်တရားများမှနောက်ဆက်တွဲဖြစ်စဉ်များဖန်တီးခြင်း။အကြောင်းတရားပေါင်းများစွာထဲကအထင်ရှားဆုံးရွေးထုတ်တဲ့အခါ(၂၄)ပါးထွက်လာပါတယ်။အခြားသောအကြောင်းတရားများကိုပါပေါင်းရင် အများကြီးရှိပါသေးတယ်။ဒါကြောင့်ပဋ္ဌာန်းတရားတော်ဟာ သဗ္ဗညုတ ဥာဏ်တော်နဲ့ သာပြီးပြည့်စုံအောင်သိနိုင်ပါမယ်။
ဒီတော့လေးနက်ကျယ်ပြန့်မှုအရပဋ္ဌာန်းကျမ်းကို(၃)မျိုးခွဲကြပါတယ်။
(၁)အတိဝိတ္ထာရဒေသနာ
(၂)အတိသင်္ခေပဒေသနာ
(၃)နာတိဝိတ္ထာရနာတိသင်္ခေပဒေသနာဆိုပြီးခွဲပါတယ်။
(၁)အတိဝိတ္ထာရ ဒေသနာ ဆိုတာ အရမ်းကို ကျယ်ပြန့်လွန်းတယ် ၊ မြတ်စွာဘုရား တာဝတိသာမှာ ဟောတဲ့အပြည့်အစုံပဋ္ဌာန်းဖြစ်တယ်။
(၂)အတိသင်္ခေပဒေသနာ ဆိုတာ အလွန်ကျဉ်းတဲ့ဒေသနာ နတ်ပြည်မှာ အသံမစဲ တရားဟောနေရာကနေ နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဒာဝန်ဆောင်ဖို့ လူပြည်ကိုဆင်းပြီး ၀တ်ပြုတဲ့ အရှင်သာရိပုတ္တရာကို ဟောတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ (ဖြစ်စဉ်ကို အရှေ့မှာ ရေးပြီးပါပြီ ၊ ပြန်ဖတ်လိုက်ပါ) ။ အလွန်အတိုချုပ်ဟောပေမယ့် အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနဲ့ တန်ဆာဆင်ပြီး အကျယ်သိနိုင်ပါတယ်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ကတော့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော တရားတော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကတော့ အရှင်သာရိပုတ္တရာက မိမိတပည့် ရဟန်း (၅၀၀)ကို့ ပြန်ဟောတဲ့ တရားဖြစ်ပါတယ်။ လက်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သင်ကြားဟောပြောနေတဲ့ ပဋ္ဌာန်းဟာ အရှင်သာရိပုတ္တရာက ပြန်ဟောတဲ့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။

ဘုရားရှင်ပဋ္ဌာန်းကိုဟောပုံ၊ဟောနည်းကလည်း(၃)မျိုးရှိပါတယ်။
(၁) ပု စ္ဆာ ၀ါရ = အမေး--မြတ်စွာဘုရားဟောတဲ့ ပဋ္ဌာန်းဟာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုရင် အမေးပုစ္ဆာပေါင်း ၄၀၄၉၄ ကုဋေ ၊ ( ၈ ) သန်း၊ ( ၅ )သိန်း ၊ ( ၃ )သောင်း ၊ ( ၃ )ထောင် ၊ ( ၂ ) ရာ ၊( ၄ )ဆယ့် ( ၈ ) ရှစ် ရှိတယ်လို့ ဆိုပါတယ်။အမေးပု စ္ဆာပေါင်း ဂဏာန်းဖြင့် - (၄၀၄၉၄ ၈၅၃ ၃၂၄၈) ပု စ္ဆာ ရှိတယ်။ အဲဒီတော့ လူတစ်ယောက်က တစ်နေ့ကို အမေးပု စ္ဆာပေါင်း တစ်သိန်း (၁၀၀ ၀၀၀) ကို ရွတ်ပြီး ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ( ပဋ္ဌာန်းတစ်ခုတည်းနော်၊ အဘိဓမ္မာ (၇) ကျမ်းလုံးထဲက မဟုတ်ဘူး) အဲဒီလူ နှစ်ပေါင်း ၁၀၀၀၀ ရွတ်မှာ အမေးပုစ္ဆာတွေ ကုန်နိုင်မယ်လို့ ကျမ်းပြု ဆရာတော်တွေ တင်စားရေးသားကြတယ်။ ဒီအမေးပုစ္ဆာတွေကို ပုံနှိပ်မယ်ဆိုရင်လည်း စာရွတ်လောက်မှာ မဟုတ်ဘူးတဲ့ ။

(၂) ၀ိသဇ္ဖနာဝါရ = အဖြေ
အမေးတောင် ဒီလောက်များတာ အဖြေကတော့ ပြောမနေတော့ဘူး။

(၃) သခ်ာၤ ၀ါရ = သရုပ္ခြဲ
သရုပ်ခွဲပြီး ချဲ့ ဦးမယ် ဆိုရင်တော့ ဘာပြောကောင်းမလဲ ။

ဒါကြောင့် ပဋ္ဌာန်းကို
မဟာ ပကရဏကျမ်း လို့လဲခေါ်တယ်။
မဟာ = ကြီးကျယ်
ပကရဏ = ခမ်းနားခန့် ငြား ဒါကြောင့်လဲ သံဃာယနာတွေမှာ ပဋ္ဌာန်းကို အတိုဆုံးချုပ်ပြီးသာ ချန်ပြီးတင်ပါတယ်။

(၃)မျိုးအားဖြင့် ခွဲခြားဝေဖန်ကြပါတယ်။-ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်း ဝေဖန်ခြင်းပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ= ပစ္စည်း + အကျယ် ဝေဖန်ခြင်း
ပရိ နိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း ။သံဃာယနာဆဋ္ဌမူအရ ကိုပဲ အကျယ်ဝေဖန်မယ်ဆိုရင် အမေးပုစ္ဆာ တစ်ခုကို ကျယ်ကျယ်ပြန့်ုပြန့် ရှင်းလင်းဖြေကြားနိုင်ဖို့ ကျမ်း ( ၃၀ ) အုပ် ၊ ရွက်ရေ ( ၄၀၀၀ )ကျော် ရိုက်မှ ရမယ်။ အမေး ကုဋေ (၄၀၀၀၀)ကျော်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပဋ္ဌာန်းအကျယ်ကို အသံမစဲ ပူဇော်ကြတော့ ဆရာတော်တွေက ပ၊ပ၊ပ ၊လ၊လ၊လ စသည် အတိုတွေကို ရွတ်သွားကြတာရှိတယ်။ ဒါကို မြုပ်ပြီးဆိုတာ ၊ ညှို့တယ်လို့လဲ ပြောကြတယ်။ အကျယ်သိချင် ဖော်ပြီးကြည့်ရမယ်လို့ ဆိုလိုတယ်။

အဲဒီလို မတရားချုံ့ ထားတဲ့ ဟာတောင် ပဋ္ဌာန်းက (၅)ကျမ်းရှိတယ် ။ (၅) အုပ်ပေါ့ ၊စာမျက်နှာ - ၂၆၄၀ရှိတယ်။အချိန်(၁၃၂)နာရီရွတ်ရမယ်။ ကျမ်းကြီးအနေနဲ့ ကတော့ ပဋ္ဌာန်းကျမ်းကြီး (၄)မျိုး ရှိပါတယ်။
၁- ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၂- ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၃- ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း
၎- ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဆိုပြီး ဟောပုံ ဟောနည်းအရ ကျမ်း (၄)မျိုးရှိပါတယ် ။ဒီတော့ အားလုံးက အကျဉ်းအားဖြင့် (၂၄ )ကျမ်း ရှိတယ်။
ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် ဒီလို ပြန်ခွဲနိုင်ပါတယ် ။
၁- ဓမ္မာနုလောမ တိက ၂၂ ၊
၂- ဓမ္မာနုလောမ ဒုက ၁၀၀ ၊
၃- ဓမ္မာနုလောမ ဒုက တိက ၆၆၀၀ ၊
၎- ဓမ္မာနုလောမ တိက ဒုက ၄၄၀၀ ၊
၅- ဓမ္မာနုလောမ တိကတိက ၁၃၈၆ ၊
၆- ဒုက ဒုက ၁၉၈၀၀ဆိုပြီး ရှိပြန်တယ် ။ ဒါကြောင့် အကျယ် မှာ ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ကျမ်း ဖြစ်ပြန်တယ်။
ဒီတော့ ပြည့်ပြည့်စုံစုံ လေ့လာဖို့ အကျဉ်းချည်းပဲ ၆ * ၄ = ၂၄ ကျမ်း ၊ အကျယ်အားဖြင့် ၃၂၃၀၈ * ၄ ဆိုတော့ အားလုံး ၁၂၉၂၃၂ ကျမ်း …ရှိမယ်။ ကြည့်ပါဦး ၊ဘယ်လောက်များတယ်ဆိုတာ ၊ ဘယ်လိုများ အကုန်လေ့လာနိုင်မလဲ ။
အင်မတန်ကို ဥာဏ်ကြီးသူတွေ ပဲ နာကြားနိုင်တဲ့ တရားတော်ကြီးပါပဲ ။
ပဋ္ဌာန်းရဲ့ နက်နဲမှုမှာလဲ (၄)မျိုးရှိပြန်တယ်။ ဂမ္ဘီရ (၄) မျိုး လို့ ခေါ်ပါတယ် ။
ဓမ္မ ဂမ္ဘီရ =ဝေါဟာရ စကားလုံးနက်နဲခြင်း
အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပါယ် နက်နဲခြင်း
ဒေသနာ ဂမ္ဘီရ =ဟောပုံဟောနည်း နက်နဲခြင်း
ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်ပါတယ်။

ပဋ္ဌာန်းဒေသနာတော် ကိုနာကြားပြီးချိန်မှာတော့ နတ် ဗြဟ္မာ ကုဋေ ( ၈၀ ၀၀၀ ) ကျွတ်တမ်းဝင် ၊ လူပြည်က ရဟန်း ၅၀၀ - ရဟန္တာ ဖြစ် တယ်လို့ ဆိုပါတယ်။ အခြားသာဓကတွေနဲ့ ပဋ္ဌာန်းဘာလို့ တန်ခိုးကြီးရကြောင်းကိုတော့ဆရာတော်အရှင်ဇနကာဘိဝံသရဲ့အခြေပြုပဋ္ဌာန်းစာအုပ်မှာဖတ်ရှုနိုင်

ပါတယ်။
ရွတ်ဆိုခြင်းမှာတော့ အသံကို အများနဲ့ဆိုရင်လဲ အားလုံး ညီ အောင် ၊ ပီ အောင် ၊ ကြည်အောင် ရွတ်ဆိုမှ အကျိုးပိုများမယ် လို့ ဆိုပါတယ်။ (ဥပမာ - ပစ္စယော = ပျစ်စယော မဟုတ် -ျ အသံ မပါစေရ ၊၊ ရ (လျှာလိပ်) နဲ့ ယ အသံခွဲ ၊ အင်ညမင်ည ၊ ဿ = နိဿယ = နိတ်သယ ၊ အ-ရူပ (ခွဲပြီးရွတ်) ၊ အ-၀ိဂတ ၊ အိန်ဒရိယ…စသည် )ဟေတု စတဲ့ ပစ္စည်း တစ်ခုခြင်းတွေကိုတော့ မရေးတော့ဘူး။ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာ စာအုပ်နဲ့ တရားတော်တွေ ရှိတယ် ၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန် တို့ရဲ့ တရားတွေ ရှိမယ်။           ……………….ချမ်းသာကြပါစေ ။……………….

ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ by solomonn

Tuesday, 21 August 2012

မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး

 Arakan Times News Written by မင်းသွီး    Tuesday, 21 August 2012 12:41
 malay plices
လေးရှားနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်နေကြသောရခိုင်များအားဘင်္ဂလီမူဆလင်များအနိုင်ကျင့်သတ်ဖြတ်သည့်အမှုများနှင့်ပက်သက်၍မလေးရှားအစိုးရမှထိရောက်စွာအရေးယူဆောင်ရွက်စစ်ဆေးခြင်းမရှိသေးကြောင်းသတင်းရရှိသည်။ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သောဘင်္ဂလီမူဆလင်ရခိုင်အဓိကရုဏ်း၏ဂယက်ရိုက်ခတ်မှု့ကြောင့်မလေးရှားဒေသခံများနှင့်မလေးရှားရှိဘင်္ဂလီမူဆလင်များထံမလေးရှားရောက်ရခိုင်များအနိုင်ကျင့်သတ်ဖြတ်ခံရမှုများကိုမလေးရှားအာဏာပိုင်များသို့တိုင်ကြားထားသော်လည်းရဲအရာရှိများကယင်းအမှုများနှင့်ပက်သက်သည့်တရားခံများကိုယခုအချိန်အထိတစ်စုံတစ်ရာအရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းမရှိသေးကြောင်းသိရှိရသည်"အလုပ်ကပြန်လာချိန်မှာသတ်ဖြတ်ခံရတာ၊အခန်းကိုလာပြီးသတ်ဖြတ်ဖို့ကြိုးစားတာတွေ၊ပြီးတော့လိုင်းကားပေါ်မှာအနိုင်ကျင့်ခံကြရတာကျနော်သိသလောက်ဆိုရခိုင်တိုင်းရင်းသား၃ဦးသေဆုံးပြီး၊၄ဦးဒဏ်ရာရှိထားပါတယ်။မလေးမှာမြန်မာနိုင်ငံသားတွေအတွက်လုံးဝလုံခြုံမှုမရှိဘူး။ရဲအာဏာပိုင်တွေကလည်းအခုဖြစ်ပွားခဲ့တဲ့အမှုတွေနဲ့ပက်သက်လို့အခုချိန်ထိတစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးတာ၊ နောက်ဒီလိုအမှုတွေမဖြစ်အောင်တစ်စုံတစ်ရာလုပ်ဆောင်နေတာတွေဘာမှမရှိဘူး။အလုပ်ခွင်ထဲမှာဆိုလည်းကျွန်တော်တို့ကိုဘင်္ဂလီတွေ၊မလေးတွေကမြန်မာလား၊ရခိုင်လားဆိုပြီးလာမေးကြတယ်၊အဲဒီတော့သူတို့ကမြန်မာတွေ၊ရခိုင်တွေကိုဆိုရင်အနိုင်ကျင့်သတ်ဖြတ်မယ့်သဘောမှာရှိတာပေါ့။ဒါကြောင့်အလုပ်ခွင်ထဲမှာလည်းကျနော်တို့အမြဲတမ်းသတိပြုပြီးစိုးရိမ်စိတ်တွေနဲ့အလုပ်လုပ်နေရပါတယ်။"ဟုမလေးရှားရောက်ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သူကိုဇော်မိုးက ပြောသည်။ကိုမင်းမင်းထွန်းဇွန်လ၁၁ရက်နေ့ညနေအလုပ်ကပြန်လာချိန်တွင်သူ့အခန်းသို့မရောက်ရှိဘဲယခုချိန်ထိပျောက်ဆုံးနေကြောင်း၊မလေးရှားနိုင်ငံကိုတာသီဂီမြို့တွင်နေထိုင်ကြသောကိုအောင်ဇော်မိုး၊ကိုစိုးချေ၊ကိုအချောက်၃ဦးတို့မှာဇွန်လ၁၁ရက်နေ့ကဘင်္ဂလီတစ်စုနှင့်မလေးရှားဒေသခံများ၏အနိုင်ကျင့်သတ်ဖြတ်မှုကြောင့်ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပြီးတစ်ဦးမှာကိုတာသီဂီ ဆေးရုံတွင် ဆေးကုသခံနေရကြောင်း၊ဇူလိုင်လ၁၂ရက်နေ့တွင်ကိုလင်းနိုင်ဆိုသူအားဘင်္ဂလီများမှဓါးဖြင့်ခုတ်ရာဦးခေါင်းနောက်စည်းတွင်ဒဏ်ရာရရှိခဲ့ပြီးကလန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ကိုစိုးနိုင်၊ကိုကျော်သိန်းတို့နှစ်ဦးသညဇူလိုင်လ၁၈ရက်နေ့အန်ပန်းမြို့နယ်၁၄မိုင်တွင်ဘင်္ဂလီများနှင့်မလေးရှားဒေသခံများ၏သတ်ဖြတ်မှုကိုခံလိုက်ရပြီးတောထဲတစ်နေရာတွင်၎င်းတို့အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း၊ဇူလို၂၈ရက်နေ့ကလိုင်းကားပေါ်တွင်လိုက်ပါလာသောရခိုင်များအားလိုင်းကားပေါ်မှဆွဲချရိုက်နှက်မှုများတစ်ဘက်နှင့်တစ်ဘက်ဖြစ်ပွားခဲ့သေးကြောင်းသိရှိရသည်။"အခုဖြစ်ပွားခဲ့တဲ့အမှုတွေဟာဘင်္ဂလီတွေမလေးရှားနိုင်ငံကလူကြမ်းတွေကိုပိုက်ဆံပေးပြီးသူတို့နဲ့ပူပေါင်းပြီးတော့မှအနိုင်ကျင့်သတ်ဖြတ်တာတွေပါ၊မလေးနိုင်ငံသားတွေကိုကဒီအမှုတွေထဲမှာပါဝင်နေလို့ရဲအာဏာပိုင်တွေကလည်းလိုက်လျူရှုထားတာလို့ကျနော်ယူဆမိပါတယ်။မြန်မာသံရုံးလည်းဒီအမှုတွေနဲ့ပက်သက်ပြီးတော့မလေးအစိုးရဆီတရားခံတွေကိုတစ်စုံတစ်ရာအရေးယူပေးဖို့တောင်းဆိုတာတွေလည်းကျနော်တို့မသိရှိရဘူး။အရင်ကတည်းကမြန်မာသံရုံးမှာဘာဘဲသွားပြောပြောလိုက်လံဖြေရှင်းပေးတာမရှိတော့ကျနော်တို့အနေနဲ့လည်းကိုယ့်နိုင်ငံသံရုံးအပေါ်မှာဘာမျှော်လင့်ချက်မှမထားမိတော့ဘူးဗျာ"ဟုကိုဇော်မိုးကဆက်လက်ပြောကြားသည်။မလေးရှားနိုင်ငံသည်OrganisationofIslamicCooperationအဖွဲ့ဝင်၅၇နိုင်ငံထဲတွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

Sunday, 19 August 2012

ဆရာသ္မားများမိန့်သောကွက်လပ်များ


ဆရာသ္မားများမိန့်သောကွက်လပ်များ
ဆရာဆုံးမ သြ၀ါဒတွေ၊ ဆရာ့ ကိုယ်စား မှတ်သားကာနေ။
ဦးထိပ်ရွက်လို့ ငါတို့ရိုသေ၊ တစ်သက်လုံး ကျင့်သုံးခံယူမလေ။

ငယ်စဉ်က စာဝါချရင်း ဆရာသမား နှုတ်တိုက်ချပေးခဲ့သော သြ၀ါဒလင်္ကာလေးကို အမှတ် ရမိသည်။ ဘ၀မှာ ဆရာသမားများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကျေးဇူးပြုခဲ့သည်ဟု ယုံကြည်မိသည်။ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော-အမှန်တရားကို သိဖို့အတွက် (၀ါ) ယဉ်ကျေးလိမ္မာသောသူတော်ကောင်းများဖြစ်ဖို့အတွက်ဆရာသမားကို ရှာမှီးဆည်းကပ်ရမည်ဟု ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ဆရာမမှီး၊ဒို့ခရီးသည်၊မီးဆိုမှမီး-ဟု ဆိုရလောက်အောင် အမှန်တရားကို လမ်းညွှန်ပြသပေးမည့် ဆရာသမားကို မရှာမှီးဘဲ (၀ါ) ဆရာ ရှာရမည့်အရေးမှာ ဖင့်နှေးပျင်းရိကြလျက် ငါ့မြင်း ငါဆိုင်း၊ စစ်ကိုင်းရောက်ရောက်-ဆိုပြီး ကိုယ်ထင်ရာ ကို ကိုယ်စိုင်းနေကြတဲ့ ပုထုဇဉ်လူသားတို့၏ဘ၀သည် မွေးကတည်းက မီးကို အဖော်ပြုလျက် ကြီးပြင်း ကြရသည်။ အူဝဲ-ဟု အော်မြည်ခြင်းသည် ဘ၀ကို သောကမီးဖြင့် အစပြုခြင်းပင် ဖြစ်ပေသည်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက ဆရာရှာဖို့ အပူတပြင်း တိုက်တွန်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မိမိတို့သည်ဘွဲ့ဒီဂရီတွေကိုတပ်မက်မှုမရှိဘူးဆိုရင်တောင်မှB.A,M.A,PhD,ဘွဲ့တွေကိုရယူလိုသောကြောင့် နိုင်ငံခြားသို့ ပညာသင်ထွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုလျှင် ယေဘုယျအားဖြင့်တော့ မှန်ကန်လိမ့်မည်ဟု ထင်မိသည်။  လက်ဆုပ်လက်ကိုင်ပြစရာကလဲ ဒီဘွဲ့တံဆိပ်တွေဘဲ ရှိတာမဟုတ် လား။ နိုင်ငံခြား ပညာသင်သွား မည်ဆိုတော့ တစ်ချိန်က ဆရာသမား မိန့်ကြားခဲ့ဖူးသော သြ၀ါဒကို အမှတ်ရမိသည်။ တပည့်ဖြစ်သူ ရရှိခဲ့သော ဘွဲ့တွေကို လက်ချိုးရေတွက်ရင်း မဖြစ်မနေရယူရန် လိုအပ်နေသော ဘွဲ့ကို အမိန့်ရှိခဲ့ဖူးသည်။
၁။ ယူရန်ကျန်သော ဘွဲ့တစ်ခု၊ တရားနာမှု၊ စာသင်မှု၊ သုတ၀ါ ဘွဲ့တစ်ခု။
၂။ယူရန်ကျန်သောဘွဲ့တစ်ခု၊ခန္ဓာဖြစ်ပျက်မြင်အောင်ရှု၊ပည၀ါဘွဲ့တစ်ခု။ ၃။ယူရန်ကျန်သောဘွဲ့တစ်ခု၊အာသဝေါကုန်အောင်ရှု၊အာသ၀က္ခယဘွဲ့တစ်ခု၊ ဒုက္ခက္ခယဘွဲ့တစ်ခု၊                ပစ္ဆိမဘ၀ိက ဘွဲ့တစ်ခု၊ ရဟန္တာဘွဲ့တစ်ခု။
နံပါတ်တစ်သည် စားလိုက် အိပ်လိုက်လုပ်နေသူများ စယူရမည့် ပရိယတ္တိဘွဲ့ဖြစ်သည်။ တရား နာခြင်း၊ စာသင်ခြင်းသည် ပရိယတ္တိဘွဲ့အတွက် အားထုတ်နေကြခြင်းဖြစ်ပေသည်။ နံပါတ် နှစ်သည် ပရိယတ္တိဘွဲ့ရပြီးသူများ ယူရန်ကျန်သည့် ပဋိပတ္တိဘွဲ့ဖြစ်သည်။ ခန္ဓာ၏ အဖြစ် အပျက်ကို မြင်အောင် ရှုခြင်းသည်(၀ါ)၀ိပဿနာဉာဏ်ပညာဖြစ်အောင်အားထုတ်ခြင်းသည်ပဋိပတ္တိဘွဲ့အတွက်အားထုတ် နေခြင်းပင် ဖြစ်သည်။ နံပါတ်သုံးသည် အရိယာဖြစ်ပြီးသူများ ဆက်ယူရမည့် ပဋိဝေဓဘွဲ့ ဖြစ်ပေသည်။ သောတာပန်မှသည် သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဖြစ်သည်တိုင်အောင်(၀ါ)လောဘ၊ဒိဋ္ဌိ၊မောဟလို့ဆိုတဲ့အာသဝေါတရားတွေကုန်ခမ်းသည့်တိုင်အောင် အားထုတ်ခြင်းသည် ပဋိဝေဓဘွဲ့ အတွက် ဆက်လက်အားထုတ်နေခြင်းဖြစ်ပေသည်။
ရဟန္တာဟူသည် ပဋိဝေဓ၏ နောက်ဆုံးဘွဲ့ဖြစ်သည်။
သောတာပန်ဟူသည် ပဋိဝေဓ၏ အစဆုံးဘွဲ့ဖြစ်သည်။
ခန္ဓာကို သုံးသပ်ခြင်းသည် ၀ိပဿနာ၏ အစဆုံးဘွဲ့ဖြစ်သည်။
စာသင် တရားနာ သုတ၀ါသည် သာသနာ၏ အစဆုံးဘွဲ့ဖြစ်သည်။
အစဟူသော ပရိယတ္တိဘွဲ့၊ အလယ်ဟူသော ပဋိပတ္တိဘွဲ့၊ အဆုံးဟူသော ပဋိဝေဓဘွဲ့တို့ကို သိရခြင်းအားဖြင့် ကိုယ်လျှောက်လှမ်းနေသော လမ်းခရီး၌ (၀ါ) သာသနာတော်၌ ငါသည် အဘယ်မျှ ခရီးပေါက်၍ အဘယ်နေရာ၌ ခရီးထောက်နေသည်ဟု မိမိကိုယ်ကို မိမိ သိမြင်နိုင်ပေသည်။ ဗုဒ္ဓမြတ်စွာကလည်း= ဘိက္ခု ၀ိဿာသ မာပါဒိ၊ အပ္ပတ္တော အာသ၀က္ခယံ- အာသဝေါ တရားတွေ မကုန်ခမ်းသေးဘဲ ကြားဘွဲ့တို့ဖြင့် ရောင့်ရဲတင်းတိမ်မနေကြဘဲ အာသ၀က္ခယဘွဲ့ ရသည် အထိ ကြိုးစားကြပါဟု တိုက်တွန်းစကားမိန့်ကြားတော်မူခဲ့သည်။ဆရာသမားမိန့်ကြားခဲ့သောဒီသြ၀ါဒစကားတွေကို ပြန်လည်အမှတ်ရမိတော့ မိမိကိုယ်ကို ရှက်သလိုလို ခံစားမိလာသည်။ ပြီးတော့ မိမိတို့တတွေ မဖြစ်မနေ ယူရန်ကျန်နေသော ဘွဲ့များကိုလည်း အမှတ်ရလာမိသည်။ ဆရာသမားသည် တပည့်ဖြစ်သူ၏ လစ်လပ်နေသောကွက်လပ်ကို အမြဲတမ်းအမှတ်ရစေရန် ဖြည့်ပေးလိုက်ခြင်း ဖြစ်ပေ သည်။
လောင်စာကို အမှီရသော မီးသည် တဟုန်းဟုန်း တောက်လောင်၏။
အိုင်ကို အမှီရသောမြစ်သည် တသွင်သွင် စီးဆင်း၏။
နေကို အမှီရသော လောကသည် လင်း၏။
ဘုရားကို အမှီရသော ပုထုဇဉ်သည် အရိယာဖြစ်၏။
ဆရာကောင်းကို အမှီရသော တပည့်သည်
ထက်မြက်၏။ တော်၏။ တိုးတက်၏။
ဆရာ့ခြေရာကို နင်းနိုင်၏။
ထို့ကြောင့်ပင် ဗုဒ္ဓကိုယ်တော်တိုင် ဆရာကောင်းကို ရှာဖွေဖို့ အပူတပြင်း တိုက်တွန်း ခဲ့ခြင်းဖြစ် ပေလိမ့်မည်။ လောက၌ နေရာတိုင်းမှာ လိုအပ်နေတဲ့ ကွက်လပ်တွေ ဟာကွက်တွေဆိုတာ ရှိမြဲဓမ္မ တာဖြစ်သည်။
မီးလိုမကျင့်နဲ့၊ရေလိုကျင့်တဲ့။ဆိုရိုးစကားတစ်ခုကြားဖူးသည်။မီးသည်ပူလောင်သည်။ လောင်ကျွမ်းပြီဆိုလျှင်လဲ ဘယ်အရာမှ မတားဆီးနိုင်။ မရှောင်မကွင်း နီးစပ်ရာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ ဒါကြောင့် မီးလိုမကျင့်နဲ့ဟုဆိုခဲ့ခြင်းဖြစ်သည်။ရေသည်မီးနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။အေးမြသည်။စီးဆင်းရာတွင်လည်း လိုအပ်နေသောချိုင့်ဝှမ်းစသောကွက်လပ်များကိုဖြည့်ဆည်းလျက်တုံးတိုင်စသော ရှောင်သင့်သည်များကို ရှောင်ကွင်းကာ စီးဆင်း လေသည်။ ဒါကြောင့် ရေလိုကျင့်ဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပေသည်။ မိမိတို့တို့လဲ လောကကြီးရဲ့ ကွက်လပ် တွေကို ဘယ်လောက်ဖြည့်စွမ်းနိုင်ပြီလဲ။ လောကကြီးနဲ့ ပက်သက်ပြီးတော့ မီးလို ကျင့်နေတာလား၊ ရေလိုကျင့်နေတာလားဆိုတာ ပြန်လည်စဉ်းစားရမည်ဖြစ်သည်။ လောလောဆယ်တော့ မိမိမှာ လိုအပ် နေတဲ့ ကွက်လပ်တွေကို အရင်ဖြည့်နိုင်အောင် ကြိုးစားနေရဆဲဖြစ်သည်။
ဆုံးမသမျှ နားထောင်၊ ကျန်းမာအောင် သတိပြု၊
သိမှုအတွက် ကြိုးစား၊ ၀တ္တရား ကျေပြွန်စေ၊
ကွက်လပ်တွေ မရှိစေနဲ့-တဲ့။
ဘ၀နတ်ထံစံလွန်တော်မူပြီးစစ်ကိုင်းသုဗောဓာရုံဆရာတော်ဘုရားကြီး၏သြ၀ါဒစကားကိုလဲ ပြန်လည်သတိရမိသည်။ ကွက်လပ်တွေ(ဟာကွက်တွေ) မရှိစေနဲ့ဟု ဆုံးမတော်မူခဲ့သည်။ လောကလူသားတိုင်းမှာ တာဝန်ဝတ္တရားတွေ ကိုယ်စီရှိကြသည်။ မိဘ၀တ္တရား၊ သားသမီးဝတ္တရား၊ ဆရာသမား ၀တ္တရား၊ တပည့်ဝတ္တရား စသည်ဖြင့်ပေါ့။ ၀တ္တရားတွေကို ကိုယ်ဆီကိုယ်ငှ ကျေပြွန်မှသာ ကွက်လပ်ဆိုတာ မရှိမှာဖြစ်သည်။ ဒါကြောင့် ဆရာက ကွက်လပ်ဖြည့်ပါဆိုပြီးတော့ နောက်ထပ်သြ၀ါဒ စကားတစ်ခွန်းကို ထပ်ဆင့် မိန့်ကြားခဲ့လေသည်။
ဘ၀မှာ ဆင်းရဲနေသလား။
ဝမ်းမနည်းပါနဲ့။ ချမ်းသာကိန်းရှိတယ်။ ကောင်းမှုသာလုပ်ပါ။
ချမ်းသာနေသလား။ မာန်မတက်ပါနဲ့။ စီးပွါးပျက်ကိန်းရှိတယ်။
ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ ရှိနေသေးလို့ပါ။
လူဟာ အမြဲမကောင်းခဲ့လို့ အမြဲ မချမ်းသာဘူး။
အမြဲမဆိုးခဲ့လို့ အမြဲမဆင်းရဲဘူး။
မမြဲခဲ့တာ ကံကြမ္မာ။ မမြဲနိုင်တာ ခန္ဓာ။
တည်မြဲနိုင်တာ နိဗ္ဗာန်။ ၄င်းနိဗ္ဗာန်သည် သတိမြဲမှ တွေ့မယ့်တရားဖြစ်သည်။
သိုးတဲ့ထမင်းဟာ ပြန်မကောင်းနိုင်ပေမဲ့ ဆိုးတဲ့မင်းဟာ ပြန်ကောင်းနိုင်ပါသည်။
ပြင်ဘို့သာ သတိရဖို့ လိုအပ်ပါသည်။
ပစ္စုပ္ပန်ဆိုတာ အတိတ်မဟုတ်ဘူး။
ခု ကောင်းနေရင် သမိုင်းဆိုးဆိုတာ မရှိဘူး။
အချိန်ဆိုတာ ပြင်ဆင်ခွင့်တွေပါ။
ဒုက္ခရောက်ချိန်တွေ မဟုတ်ဘူး။
ဒုက္ခရောက်ရင်လဲ သံဝေဂရလိုက်ရုံပေါ့။
ဒုက္ခဆိုတာ အတိတ်ကံကို မရှောင်နိုင်ပေမဲ့ နောင်ရှောင်ကြဉ်နိုင်ဖို့ အချက်ပြ မီးကျည်ပါ။
ဒုက္ခကို သိမှ ဒုက္ခမှ လွတ်ချင်မယ်။
ဒုက္ခက လွတ်ချင်မှ ဒုက္ခလွတ်ကြောင်းကို ကျင့်မယ်။
ဒုက္ခဆိုတာ ဆင်းရဲလို့ အများက အဆိုးမြင်နေကြပေမဲ့ ပညာရှိသူတော်ကောင်းတွေကတော့ နိဗ္ဗာန် သွားသွားလို့ တွန်းလွှတ် နေတဲ့ တရားတဲ့။
ဗုဒ္ဓအဆူဆူ မိန့်တော်မူခဲ့တာက ဒုက္ခဟူ၍ ရှုကြ သိကြ-ဟူ၍ဖြစ်သည်။
သုခလို့ ရှုမိရင် လုကြလိမ့်မယ် သူရ ငါရ။
လုတာက တဏှာ။
ရတာက ခန္ဓာ။
လည်မှာက တစ်သံသရာ။
စံစရာမပြီး ကံကြမ္မာခရီး။
လိုအပ်မှုတွေ များစွာရှိရင် ဖြည့်စွက်မှုတွေ များစွာရှိရမယ်။
များစွာဆိုပေမဲ့ လိုအပ်တာက ကောင်းကျိုးတစ်ခုထဲပါ။
ဖြည့်စွက်ရမှာလဲ ကောင်းမှုတစ်ခုထဲပါ။
ဒါကြောင့် တစ်ခုဆိုတာ လိုတာကုသိုလ်ပါ။
အမျိုးမျိုးလိုတယ်လို့ အထင်မမှားလိုက်ပါနဲ့။
စစ်ရှုံးတယ်ဆိုပေမဲ့ မသေသေးရင် နိုင်အောင်ပြန်တိုက်နိုင်တယ်။
ကောင်းမှုပြုဖို့ စိတ်ဝင်စားသေးရင် (၀ါ) သဒ္ဓါတရား မသေသေးရင် ဆုံးရှုံးမှုတွေအားလုံး အလျော်ပြန်ရနိုင်ပါတယ်။
အကုသိုလ်ဆိုတာလဲ စိတ်ကလေးနဲ့ လုပ်ရတာ။
ကုသိုလ်ဆိုတာလဲ စိတ်ကလေးနဲ့ လုပ်ရုံပါဘဲ။ ဘာပင်ပန်းတာမှတ်လို့။
ခါချဉ်ကောင်ကို တောင်ထမ်းပြီး လမ်းလျောက်ကျင့်ခိုင်းသလောက် မခက်ပါဘူး။
သူ့အတွက်လို့ ထင်နေလို့ နစ်နာတယ် ထင်နေတာပါ။
ကိုယ့်အတွက်လို့ မြင်ရင်
သိန္ဓောမြင်း အရိုက်ရလွတ် ပြေးသလို
အခိုင်းရလွတ် လုပ်ကြမှာ မလွဲပါဘူး။

လူတစ်ယောက်မှာ ကံပိုင်းနှင့် ဉာဏ်ပိုင်းဆိုပြီးတော့ အပိုင်းနှစ်ပိုင်းရှိသည်။ ထိုနှစ်ပိုင်းအနက် ကံပိုင်းမှာလဲ ကွက်လပ်တွေရှိသည်။ ဉာဏ်ပိုင်းမှာလဲ ကွက်လပ်တွေရှိသည်။ ဒီကွက်လပ်တွေသည် မိမိတို့တတွေ နေ့စဉ် ဖြည့်ဆည်းရမဲ့ ကွက်လပ်တွေပဲဖြစ်သည်။ ဟာကွက်တွေပဲ ဖြစ်သည်။
သံပုရာရည်ဖက်၍ အသံကောင်းသလော။ မေတ္တာအမှန်ဖက်၍ အသံကောင်းသလော။ လူမှာ အ၀တ်။ တောင်းမှာ အကွပ်။ မယုံရင် ချွတ်ကြည့်။ အ၀တ်ရှိမှ အဆင်းလှသည်။ အ၀တ်လှူမှ အဆင်း လှသည်။အ၀တ်ကိုလှူခြင်းသည်အဆင်းလှဖို့အတွက်လိုအပ်နေတဲ့ကွက်လပ်ကို ဖြည့်ဆည်းလိုက် ခြင်းဖြစ်သည်။ ယာဉ်မပါလျှင် သွားလာရာ၌ ခက်ခဲသည်။ ခြေလျင်သွားကြည့်မှ တကယ်ခက်ခဲမှန်း ပို သိသာသည်။
ဆင်းရဲမှန်းသိချင်ရင် ခြေလျင်သွား။
ဖိနပ်ချွတ်ထား။
ဖိနပ်စီးသွား ယာဉ်စီးသွား အသွား ချမ်းသာသည်။
ချမ်းသာတရား လှူလိုငြား ယာဉ်အား လှူရသည်။
လှည်း ယာဉ် ရထား၊ ဆိုင်ကယ် ကားနှင့် စီးသွားဖို့ရာ စရိတ်ပါ၊
တဖြာ ဖိနပ် ယာဉ်လှူမည်။
ချမ်းသာဖို့အတွက် လိုအပ်နေတဲ့ကွက်လပ်သည် ယာဉ်အလှူဒါနဖြစ်ပေသည်။
မျက်စိလဲပါ အမှောင်ထဲမှာဘာမှမမြင်ရာ။အရောင်သာ မျက်စိ အလှူတည်း။ မျက်စိကောင်းဘို့အတွက် အလင်းရောင်ကို လှူဒါန်းခြင်းဖြင့် ကွက်လပ်ဖြည့်ပါဟု ဆိုလိုသည်။ ဤကား ကံပိုင်းဆိုင်ရာ ကွက်လပ်များကို ဖြည့်နည်းတစ်စိတ်တဒေသဖြစ်သည်။ မိမိ၏ဘ၀မှာ ကံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုရင်တော့ မိမိမှာလဲ ဖြည့်စွက်စရာ ကွက်လပ်တွေ များစွာ ရှိနေသေးသည်ဟု သဘောပေါက်ပြီး ယင်းကွက်လပ်ကို ကောင်းမှုဖြင့် ပြည့်အောင်ဖြည့်ရန်မှ တစ်ပါး အခြားနည်းလမ်းရှိမည်မဟုတ်ပေ။
ကံပိုင်းဆိုင်ရာမှာ လိုအပ်နေတဲ့ ကွက်လပ်တွေရှိသလို ဉာဏ်ပိုင်းဆိုင်ရာမှာလဲ လိုအပ်နေတဲ့ ကွက်လပ်တွေလဲ ရှိသည်။ မှောင်သွားရင် ဘာမှမမြင်ဟု အများက ဆိုကြသည်။ မှောင်သွားလို့ကို အမှောင်ကို မြင်နိုင်တာကိုတော့ သတိမမူဖြစ်တတ်သည်။ ကိလေသာအမှောင်ဖုံးရင် ဘာမှမမြင်တော့ ဘူးဟု အများက ဆိုကြပြန်သည်။ အမှန်တော့ ကိလေသာကိုတော့ မြင်နိုင်ပါသေးသည်။ မျက်စိဆိုတာ မြင်တဲ့ အလုပ်ကို လုပ်သလို ဉာဏ်ဆိုတာလဲ မြင်တဲ့အလုပ်ကိုဘဲ လုပ်ပါသည်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာ က- ယဒါ ပညာယ ပဿတိ-ဟု ဟောခဲ့ခြင်းဖြစ်ပါသည်။ ပညာယ န ပဿတိ-ဟု ဘယ်ဘုရားမှ မဟောခဲ့ပေ။ စောင်ခြုံထားတဲ့လူကို မမြင်နိုင်ပေမဲ့ လူကို ခြုံထားတဲ့စောင်ကို မြင်နိုင်သလိုပဲ ဖြစ်ပါ သည်။ ကြည့်သမျှ မြင်သည်။ မြင်နေသမျှ မကန်းပါ။ ဤကား ကြည့်ခြင်းဖြင့် အကန်းဆိုတဲ့ ကွက်လပ်ကို ဖြည့်ခြင်း ဖြစ်ပါသည်။ ရေကို ယုံတယ်ဆိုတာ တိမ်တယ် နက်တယ်လို့ ယုံတာမဟုတ်။ ကူးရင် ဟိုဘက်ကမ်းဆိုတာရှိတယ်လို့ ယုံခြင်းဖြစ်သည်။ ထို့အတူပင် ခန္ဓာကို ယုံတယ်ဆိုတာလဲ အို နာ သေလို့ ယုံခြင်းမဟုတ်။ ရှုသူအတွက် ခန္ဓာချုပ်ရာ နိဗ္ဗာန်ဆိုတာ တကယ်ရှိတယ်လို့ ယုံတာကို ဆိုလိုခြင်းဖြစ်သည်။ နိဗ္ဗာန် ဆိုတာ မရောက်ဖူးသူအတွက် ကွက်လပ်ဖြစ်နေပေမဲ့ ခန္ဓာကို ရှုသူအတွက် ရှုခြင်းဖြင့် ကွက်လပ်ဆိုတာ မရှိ။ ပြည့်လေပြီ။ ကမ္ဘာမြေကြီး ကျယ်တယ်ဆိုပေမဲ့ ပင်လယ်ကမ်းစပ် ထက် ပိုကျယ်လို့ မရသလို ပင်လယ်ကြီး ကျယ်တယ်ဆိုပေမဲ့လဲ ကမ္ဘာမြေစပ်ထက် ပိုကျယ်လို့ မရပေ။ ကောင်းကင်ကျယ်တာကမှ ကမ္ဘာမြေပြင်ကော ပင်လယ်ရေပြင်ကော လွှမ်းခြုံပြီးတော့ ကျယ်သည်။ ထို့အတူပါပင် တဏှာ ကျယ်တယ်ဆိုတာက အာရုံခြောက်ပါးလောက်သာ ကျယ်နိုင်သည်။ နိဗ္ဗာန်အထိ လိုက်မကျယ်နိုင်ပါ။ ပညာကျယ်တာကမှ တစ်လောကလုံးကိုလဲ ဒုက္ခ၊ သမုဒယလို့ လိုက်မြင်နိုင်သည်။ လောကချုပ်ရာကိုလဲ နိရောဓလို့ လိုက်မြင်နိုင်သည်။ ပညာဆိုတာက မဂ္ဂသစ္စာပင်ဖြစ်သည်။ ကျဉ်းမြောင်းတဲ့အမြင်ကွက်လပ်ကို ပညာဖြင့် ဖြည့်လိုက်ခြင်းပင်ဖြစ်တော့သည်။
နိဗ္ဗာန်ကို မမြင်တာ ငါ မစင်လို့ဖြစ်သည်။
ငါ မစင်တာ ခန္ဓာမမြင်လို့ဖြစ်သည်။
ခန္ဓာမမြင်တာ တရားမနာလို့ဖြစ်သည်။
တရားမနာတာ ဆရာမရှာလို့ဖြစ်သည်။
ဆရာမရှာတာ မာနကြီးနေလို့ဖြစ်သည်။
ကိုယ့်ဘ၀မှာ ဟာကွက်ဖြစ်နေတဲ့ နိဗ္ဗာန်ကို လိုချင်လျှင် မာန်မာနကိုလျော့၍ ဆရာကို ရှာရ မည်။ ဆရာကို ရှာခြင်းသည် နိဗ္ဗာန်ဆိုတဲ့ဟာကွက်ကို ဖြည့်စွက်ခြင်းပင်ဖြစ်သည်။ သန္ဓေလွယ်မွေးမဲ့ မိခင်မရှိပဲ သားမမွေးနိုင်သလို၊ ဆရာမရှိပဲ သောတာပန်တပည့်မဖြစ်နိုင်။ ထိုဟာကွက်ကို ကိုယ်တိုင် ဖြည့်လို့မရ။ ဆရာဖြည့်မှ ပြည့်နိုင်သည်။ မိမိမဖြစ်နိုင်တဲ့ ကွက်လပ်က သောတာပန်။ ထိုကွက်လပ်၌ ဆရာကို ရှာ၍ ဖြည့်ရမည်ဖြစ်သည်။ ဤသို့ ဉာဏ်ပိုင်းဆိုင်ရာ ဟာကွက်များကိုလည်း ဖြည့်နည်းများ နှင့်တကွ ဆရာသည် မိန့်ဆိုခဲ့လေသည်။
ဆရာ၏သြ၀ါဒစကားတွေကို ကြားရတော့ ငါ့မှာ ဟာကွက်(ကွက်လပ်)တွေက များလှချည် လားဟု သိမြင်လာရသည်။ တဆက်တည်းဆိုသလိုပင် ဘောလုံးပွဲကို သတိရမိသည်။ အခြား ပြိုင် ဘက်အသင်း၏ ဟာကွက်ကွက်လပ်တွေကို မြင်မှသာလျှင် အဲဒီအသင်းကို မိမိတို့ အနိုင်ရဖို့ လွယ်ကူ လိမ့်မည်။ ထို့အတူ မိမိအသင်း၏ ရှေ့ နောက် လယ် အသီးသီးမှာရှိတဲ့ ဟာကွက်တွေကို သိရှိလျက် ပြင်ဆင်နိုင်မှသာလျှင် ပြိုင်ဘက်အသင်း၏ အနိုင်ယူမှုကို မခံရမှာဖြစ်သည်။ ပြိုင်ဘက်အသင်းကို အနိုင်ယူနိုင်မှာ ဖြစ်သည်။ ဘ၀သည် ဘောလုံးအသင်းတစ်သင်းဆိုလျှင် မိမိဘ၀၏ ရှေ့နောက်လယ် (၀ါ) ကံသုံးပါး (၀ါ) ကံပိုင်းနှင့်ဉာဏ်ပိုင်းအားလုံးတို့၌ ဟာကွက်(ကွက်လပ်)တွေ မရှိအောင် ဖြည့် ဆည်းထားရမည်ဖြစ်သည်။ ဒီလိုမှမဟုတ်ရင်တော့ ရှုံးပြီးရင်းရှုံးနေတဲ့ ဘောလုံးအသင်းလို  အမြဲတမ်း ရှုံးနေသော ဘ၀ပိုင်ရှင်သာဖြစ်နေပေလိမ့်မည်။ စာမေးပွဲ၌ ကွက်လပ်ဖြည့်ပါဟူသော မေးခွန်းကို ကွက်လပ်မဖြည့်ပဲ ထားခဲ့ပါက စာမေးပွဲကျရုံကလွဲ၍ ကြီးမားသော ဆုံးရှုံးမှုမဖြစ်နိုင်သော်လည်း (စာမေးပွဲ ကျပါက နောက်တစ်ခါ ပြန်ဖြေဆိုခွင့်ရှိသေးသည်) ဘ၀မှာ ဟာနေတဲ့ ကွက်လပ်တွေကို မဖြည့်ဆည်းပဲ ထားမယ်ဆိုရင်တော့ ရရှိလာမဲ့ ဆိုးကျိုးသည် တစ်ဘ၀လုံးစာအတွက်လဲ ဖြစ်သွားနိုင် သည်။ တစ်သံသရာလုံးစာအတွက်လည်း ဖြစ်သွားနိုင်သည်။
ကိုယ်စီကိုယ်စီ ဟာကွက်တွေ ကွက်လပ်တွေ ရှိကြပါသည်။ ကိုယ့်ရဲ့ လစ်လပ်နေတဲ့ ဟာကွက် ကွက်လပ်တွေကို ကိုယ်သာအသိဆုံးဖြစ်ပါလိမ့်မည်။ သတိမရှိလို့ မသိခဲ့ရင်တောင်မှ သတိနဲ့ကြည့်၍ သိ အောင်လုပ်ရမည်ဖြစ်သည်။ ကွက်လပ်တွေကို သိပြီးရင်တော့ ကွက်လပ်တွေ မရှိအောင် ကြိုးစားအား ထုတ်ရမည်ဖြစ်ပေသည်။
ကွက်လပ်များ ဖြည့်နိုင်ကြပါစေ။

ဗုဒ္ဓဘာသာဝင်တို့၏ဝါဆိုလ


ဗုဒ္ဓဘာသာဝင်တို့၏ဝါဆိုလ
ဝါဆိုလသည်ဗုဒ္ဓဘာသာဝင်တို့အတွက်ထူးမြတ်သောလဖြစ်၏။ဝါဆိုလပြည့်နေ့မှာဘုရားအလောင်း တော်သည်နတ်ဗြဟ္မာအပေါင်းတို့တောင်းပန်မှုကြောင့်မယ်တော်၏၀မ်း၌ပဋိသန္ဓေနေတော်မူခဲ့၏။အိုနာသေရေးဒုက္ခဘေးတို့မှကင်းလွတ်ရာဖြစ်သောတရားထူးကိုရှာရန်တောထွက်တော်မူခဲ့၏။ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုသောနတ်ဗြဟ္မာအပေါင်းတို့အားဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့၏။ထို့ကြောင့်‘’သန္ဓေ၊ တောထွက်၊ဓမ္မစက်၊ ဟောမြွက်လ၀ါဆို’’ဟုအဆိုရှိခဲ့ပေသည်။ဘုရားရှင်၏ တပည့်သားသံဃာတော်များသည် ၀ါဆိုလပြည့်ကျော် တရက်နေ့မှာ ၀ါဆိုဝါကပ်ကြ၍ ဗုဒ္ဓတရားတော်များကို သင်ယူပို့ချ ဟောပြခြင်း ပရိယတ္တိ၊ ကိုယ်တိုင်ကျင့်ပွါး အားထုတ်ခြင်း ပဋိပတ္တိတို့ကို ပြုလုပ်ကြ၏။ ထို့အတူပင် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့သည်လည်း ဗုဒ္ဓ ဓမ္မ သံဃာ့ဂုဏ်ကို အာရုံ ပြုကာ ဒါန သီလ ဘာဝနာအလုပ်အားထုတ်လျက်ကုသိုလ်တရားပွားများကြရပေ၏။ဝါဆိုသင်္ကန်းကပ်လှူဒါန်းဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည်အထူးသဖြင့်ဝါတွင်းကာလမှာပင်ဥပုသ်သီတင်းဆောက်တည်ကြခြင်း၊ဗုဒ္ဓဂုဏ်တော်များပွားများခြင်း၊ဆွမ်းတော်ပန်းတော် ရေချမ်းတော်တို့ဖြင့်ကပ်လှူပူဇော်ကြခြင်း၊မြတ်စွာဘုရားပဌမဦးစွာဟောကြားတော်မူခဲ့သောဓမ္မစကြာပါဠိတော်တို့ကို ရွတ်ဆိုပူဇော်ကြခြင်း၊သံဃာတော်အရှင်မြတ်တို့အားဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊တရားတော်များနာယူကြခြင်း စသောကုသိုလ်ကောင်းမှုမျိုးစုံတို့ကိုပြုခွင့်ရကြပေသည်။အထူးသဖြင့်ဝါဆိုဝါကပ်ကြသောသံဃာတော်များကို ‘’သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ ဣမံ ၀ဿဝါသိကစီဝရံ သံဃဿ ဒေမ’’ -  တပည့်တော်တို့ သည် သံသရာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်း အကျိုးငှါ ဤ၀ါဆိုသင်္ကန်းကို သံဃာတော် အရှင်မြတ်တို့ အား ဆက်ကပ်လှူဒါန်းကြပါကုန်၏၊ဟုရွတ်ဆိုကာလှူဒါန်းကြသည်။
ဝါဆိုသင်္ကန်းဟူသည် ၀ါတွင်းကာလမှာ ဖြစ်စေ၊ ၀ါဆိုခါနီး ကာလမှာဖြစ်စေ ကျောင်းတိုက်တစ်တိုက် သို့မဟုတ် နေရာ တနေရာ၌ ၀ါဆိုဝါကပ်ကြသော သံဃာများအား လှူဒါန်းအပ်သော သင်္ကန်းဖြစ်၏။ သံဃာတော် အရှင်မြတ်များသည် ဘုရားရှင်၏ အမိန့်တော်အရ ၀ါတွင်းသုံးလ မိုးကာလ၀ယ် အရပ်ဒေသ အသီးသီးသို့ ခရီးမသွားရတော့ဘဲ တနေရာတည်းမှာ သီတင်းသုံး၍ ပရိယတ် ပဋိပတ်တရားများကို အားထုတ်ကြရ၏။ ဤကဲ့သို့ အားထုတ်ကြသော သံဃာတော်များအား မိမိတို့ လှူအပ်သော သင်္ကန်းကို ၀တ်ရုံ သုံးစွဲကာ အားထုတ်နိုင်ကြပါစေဟူသော  ရည်ရွယ်ချက်ဖြင့် လှူဒါန်းကြခြင်းဖြစ်၏။

သင်္ကန်းလှူရကျိုးဖလကား
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းသည် ဘယ်လိုအကျိုးထူးများ ရနိုင်ပါသနည်းဟု မေးကြပါ၏။ အမှန်မှာ ၀ါဆိုသင်္ကန်းပဲဖြစ်စေ ရိုးရိုးသင်္ကန်းပဲဖြစ်စေ လှူဒါန်းကြရခြင်းသည် ထူးမြတ်သော အကျိုးရှိပေ၏။ သင်္ကန်း သည် အရဟတ္တဓဇ - ရဟန္တာအရှင်မြတ်များ၏ အောင်လံ တံခွန်သဖွယ် ဖြစ်သော ပစ္စည်းဖြစ်၏။ ပုဂ္ဂိုလ် တဦးတယောက်သည် လူဝတ်ကြောင်ဘ၀ဖြင့် တရားထူးရကာ ရဟန္တာဖြစ်သွားပါလျှင် လူဘ၀ဖြင့် ဆက်လက် မတည်နိုင်ပါ။ သင်္ကန်းဝတ်ဖြင့် နေမှသာလျှင် ဆက်လက်အသက်ရှင်နိုင်ပါ၏။ သို့မဟုတ်လျှင် ရဟန္တာဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံရတော့၏။ ရဟန္တာဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံရသည်တော့မဟုတ်ပါ ရဟန္တာ၏ မြင့်မြတ်သောဂုဏ်ကို လူဝတ်ကြောင်(လူ့အ၀တ်)ကမထိန်းနိုင်သောကြောင့်သာဖြစ်ပေသည်။
ရဟန္တာ၏မြင့်မြတ်သောဂုဏ်ကိုထိန်းပေးနိုင်သောအရဟတ္တဓဇရဟန်းတော်တို့၏ အောင်လံသဖွယ်ဖြစ် သော မြတ်သောသင်္ကန်း၊ ထိုသင်္ကန်းကို မိမိတို့ကိုယ်တိုင် လှူဒါန်းကြရခြင်းသည် ထူးမြတ်သော ကောင်းသော အကျိုးကို ရရှိနိုင်၏။ သင်္ကန်းဟူသော လှူဘွယ်ပစ္စည်းသည် သာသနာတော်နှင့်ကြုံမှ လှူခွင့် ရသော ပစ္စည်းဖြစ်။ သာသနာပ အခါကာလများ၌လှူခွင့်မရနိုင်ပါ။ထို့ကြောင့်ဝါဆိုသင်္ကန်းဖြစ်စေ၊ကထိန်သင်္ကန်းဖြစ်စေ၊ရိုးရိုးသင်္ကန်းပဲဖြစ်စေ သာသနာတော်ကြီးနှင့် တွေ့ကြုံရခိုက်လှူဒါန်းထိုက်လှပေသည်။
သင်္ကန်းလှူဒါန်းရကျိုးနှင့်စပ်၍ ဓမ္မပဒအဋ္ဌကထာ၌လည်း တိုက်ရိုက်ပြဆိုထားပါသေးသည် ‘’ဣတ္ထီနံ ဟိ စီဝရဒါနံ မဟာလတာ ပသာဓနဘဏ္ဍေန မတ္ထကံ ပပ္ပေါတိ၊ ပုရိသာနံ  ဣဒ္ဓိမယ ပတ္တစီဝရေနာတိ’’  -  သင်္ကန်းအလှူသည်အမျိုးသမီးများအတွက်မဟာလတာတန်ဆာအထူးကိုဝတ်ဆင်သုံးစွဲရခြင်းဖြင့်ထူးမြတ်သောအကျိုးကိုရ၍အမျိုးသားများအတွက်မူနောက်နောင်သာသနာတွင်ဘုရားရှင်ကဧဟိဘိက္ခု ခေါ်ဆိုလိုက်သည်နှင့် ၀ါတော်ခြောက်ဆယ်ရသော မဟာထေရ်ကြီးကဲ့သို့ တန်ခိုးဖြင့်ပြီးသော သင်္ကန်းပရိက္ခ ရာ စုံလင်စွာဖြင့် အာသဝေါကုန်ခန်း ရဟန်းအဖြစ်သို့ ရောက်ရလေ၏။ ဘုရားရှင်တို့သည် သင်္ကန်းလှူခဲ့ဘူး သော ကုသိုလ်ရှင်များကိုသာ ဧဟိ ဘိက္ခု ခေါ်တော်မူကြ၏။ အမှန်မှာ မိမိသင်္ကန်းလှူခဲ့သော ကုသိုလ်ထူး၏ အကျိုးဆက်ကြောင့်သင်္ကန်းရှာနေစရာမလိုတော့ဘဲတန်ခိုးဖြင့်ပြီးသောသင်္ကန်းကိုသာဝတ်ရုံသုံးစွဲရလေ တော့၏။

မဟာလတာတန်ဆာ
မဟာလတာတန်ဆာဟူသည် အမျိုးသမီးများ ၀တ်ဆင်ရသော အ၀တ်တန်ဆာတမျိုးပင်ဖြစ်၏။ သင်္ကန်း လှူခဲ့ဘူးသော ဘုန်းကံရှိသူ အမျိုးသမီးများသာ ၀တ်ဆင်သုံးစွဲနိုင်၏။ ဗုဒ္ဓခေတ်ကာလအချိန်၌ ထိုတန်ဆာမျိုးဝတ်ဆင်နိုင်သူ သုံးဦးသာ ရှိ၏။
ထိုသုံးဦးမှာ
၁။ကျောင်းအမကြီးဝိသာခါ၊ 
၂။ဗန္ဓုလစစ်သူကြီးကတော်မလ္လိကာနှင့်
၃။ဗာရာဏသီသူဌေးသမီးတို့ဖြစ်၏။                                                                                                                                                                                                       
ဝိသာခါ၏ဖခင်ဓနဉ္စယသူဌေးကြီးသည်သမီးအတွက်မဟာလတာတန်ဆာအထူးကိုပြုလုပ်စေရာရွှေပန်းတိမ်သည် ငါးရာတို့ဖြင့် လေးလကြာအောင် ပြုလုပ်ရလေ၏။ ပြုလုပ်ရန်အတွက် နီးမြန်းသော ရွှေစင်တစ်ထောင်၊ ထိုရွှေစင်နှင့် သင့် လျော်သော ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာ၊ စိန် စသော ပစ္စည်းများ ပေးရ၏။ အချိန်အဆကိုရေတွက်သော်စိန်လေးကွမ်းစား၊သန္တာသုံးဆယ့်နှစ်ကွမ်းစား၊ ပတ္တမြားသုံးဆယ့်သုံးကွမ်းစားနှင့် အခြားအခြားသောရတနာများစွာတို့ဖြင့်ပြုပြင်စီရင်ထား၏။ပိုးချည်ဝါချည်တို့ဖြင့်မရောယှက် ရွှေချည် ငွေချည်သက်သက်ဖြင့် သာ ပြုလုပ်၏။ ထိုမဟာလတာတန်ဆာ ထိပ်တွင်တစ်ခုတည်းသော ရွှေဥဒေါင်းရုပ်ကို တပ်ဆင်ထား၏။ ဦးခေါင်း ဦးထိပ်မှ စွပ်၍ချလိုက်လျှင် ခြေဖမိုးတိုင်အောင်ဖုံးမိ၏။ တန်ဖိုးမှာ ကိုးကုဋေဖြစ်၍ လက်ခအဖြစ် အဖိုးတစ်သိန်း ပေးရ၏။
ဤကဲ့သို့သော တန်ဆာအထူးကို ၀ိသာခါ ဘယ်လိုသော ကောင်းမှုကြောင့် ရရှိခဲ့ပါသနည်းဆိုလျှင် ကဿပ ဘုရားရှင်လက်ထက်တော်အခါ၌ ရဟန်းသံဃာတော် တစ်သိန်းတို့အား သင်္ကန်းလှူခဲ့ဖူးသော အကျိုးဆက် ကြောင့်ရရှိခြင်းဖြစ်သည်။ထို့ကြောင့်ရှေးပညာရှိတို့ကသင်္ကန်းလှူရခြင်း၏ အကျိုးဆက်ကို လင်္ကာဖြင့်ဤသို့မှတ်တမ်းတင်ခဲ့ကြလေသည်။
‘’သကျပုတ္တ၊ သမဏဟု၊ သာကိယဇာတ်၊ ရဟန်းမြတ်အား၊ လျှောက်ပတ်တင့်ဆန်း၊ မြတ်သင်္ကန်းကို၊ လှူဒါန်း သည့်သူ၊ယောက်ျားမူကား၊ ဘုန်းလူဇိနော်၊ ဧဟိခေါ်၍၊ ၀ါတော် သဋ္ဌိ၊ ခြောက်ဆယ်ရှိသား၊ ထေရ်ကြီးအလား၊လွန်တည်ငြား၍၊ရှစ်ပါးပရိက္ခရာ၊လွယ်ပြီးကာလျှင်၊လေးဖြာအာသဝေါ၊သန့်စင်ကြော၏။ ‘’မနောစင်ဖြူ၊ မိန်းမမူကား၊ ရွှေဇမ္ဗူရာဇ်၊ ဦးဦးသစ်ကို၊ ချိန်စစ် တစ်ထောင်၊ နိက္ခဆောင်၍၊ ထိန်ပြောင်စိန်သားလေးကွမ်းစားတည်း၊မြကားတေတ္တိ၊ရွယ်ထိန်သန္တာ၊ဗာဝိသာနှင့်၊မုတ္တာဆယ့်တစ်၊ ကြွင်းလစ်ရတနာ၊သင့်ရာရာကို၊ကောင်းစွာငွေကြိုး၊ချယ်သီထိုး၍၊အဖိုးကိုးကုဋေ၊ထိုက်တန်ပေ၏၊ရွှေပန်းထိန်ငါးရာ၊ရက်မှာလေးလ၊ကာလကြာအောင်၊ ကောင်းစွာချုပ်ပြီး၊ တန်ဆာကြီးကို၊ ငါးစီးဆင်ပြောင်၊ အားကိုဆောင်သည့်၊ အခေါင်တုလတ်၊ မိန်းမမြတ်တို့၊ ၀တ်ဆင်ကြရာ၊ မဟာလတာ၊ ပသာဓန၊ နာမတံဆိပ်၊ ခပ်နှိပ်ဝေဆာ၊ ထိုတန်ဆာကို၊ ကောင်းစွာ အံ့ခြီး၊ ၀တ်ဆင်ပြီး၍၊ မဂ်ထီးဖိုလ်ရိပ်၊ အောင်ဘိသိက်ဖြင့်၊ အောင်ဟိတ် ဇမ္ဗူနန်း ဆန်တက်မြန်းသည် - - သင်္ကန်းဒါန လှူကျိုးတည်း’’။ ။

ဝိသာခါသည် မိမိ၏ ထိုမဟာလတာ တန်ဆာကို တန်ဖိုးဖြတ်ကာ ရောင်းချပြီး ပုဗ္ဗာရုံကျောင်းတော်ကြီးကို  ဆောက်လုပ်လှူဒါန်းခဲ့ပေ၏။ အနဲငယ်ချဲ့ရပါလျှင် - - သာဝတ္ထိမြို့နေ ပြည်သူအပေါင်းတို့သည် မင်္ဂလာပွဲအခမ်းအနားတို့၌ ၀ိသာခါကို ရှေးဦးစွာ ဖိတ်ကြား၍ ကျွေး မွေးလေ့ရှိ၏။ ၀ိသာခါသည်လည်း ဖိတ်ကြားအပ်သော မင်္ဂလာပွဲများ၌ မဟာလတာတန်ဆာကို ၀တ်ဆင်၍တက်ရောက်၏။တစ်နေ့သော်ဝိသာခါသည် ဖိတ်ကြားအပ်သော မင်္ဂလာပွဲသို့တက်ရောက်ပြီး ဥပုသ်နေ့ဖြစ်၍ဘုရားဖူးရန်အခြံအရံများနှင့်အတူကျောင်းတော်သို့ဆက်သွား၏။ကျောင်းတော်အပေါက်ဝသို့ ရောက်လေသော် ‘’မြတ်စွာဘုရားရှင်တို့၏အထံတော်သို့ ဤသို့ ပျံ့လွင့်သူတို့၏ အသွင်အပြင်ဖြင့် သွားရောက်ရန် မသင့်’’ ဟု ဆင်ခြင်ကာ ၀တ်ဆင်ထားသော မဟာလတာတန်ဆာကို  ချွတ်ပြီးလျင် ကျွန်မသို့အပ်ထားလိုက်၏။
ဝိသာခါသည် ဇေတ၀န်ကျောင်းအပြင်သို့ ရောက်၍ မဟာလတာ တန်ဆာကို ၀တ်ဆင်ရန် ကျွန်မအားတောင်း၏။မေ့ကျန်နေခဲ့ကြောင်းပြောလျှင်‘’သွားယူခဲ့လော့၊အကယ်၍အရှင်အာနန္ဒာသိမ်းဆည်းထားခဲ့ လျှင်ထိုပစ္စည်းကိုအရှင်မြတ်တို့အားလှူပြီးဖြစ်သည်’’ဟုမှာကြား၍အယူခိုင်းလိုက်၏။အရှင်အာနန္ဒာသည် ကျောင်းတွင်း၌ မေ့ကျန်ရစ်သော ပစ္စည်းများကို သိမ်းဆည်းထားလေ့ရှိ၏။ ကျွန်မ ပြန်လာ၍ အရှင်အာနန္ဒာ သိမ်းဆည်းထားကြောင်းသိရသော အခါမဟာလတာတန်ဆာကိုသံဃာအားလှူဒါန်းလိုက်၏။သို့သော်အရှင်မြတ်တို့အားစောင့်ရှောက်ထိန်းသိမ်းရန်ခက်ခဲလှသောကြောင့်  အပ်စပ်သောပစ္စည်းဘဏ္ဍာပြုလုပ်ပီးတန်ဆာကိုကိုးကုဋေနှင့်လက်ခတစ်သိန်းတန်ဘိုးဖြတ်ကာ မြို့တွင်းသို့လှည့်လည် ရောင်းချလေ၏။ ထိုမျှလောက်တန်ဘိုးကြီးသောဥစ္စာကိုဝယ်ယူနိုင်သူမရှိသောကြောင့်မိမိကိုယ်တိုင်ပြန်ဝယ်ယူကာပုဗ္ဗာရုံကျောင်းတော်ကြီးကို  ဆောက်လုပ်လှူဒါန်းခဲ့လေသည်။(ဓမ္မပဒဋ္ဌ-ပုဗ္ဗ၀ဂ်)
နောက်ဆုံးပန်းတိုင်
ဗုဒ္ဓဘာသာဝင် သူတော်စင်များသည်  ဘယ်လိုကုသိုလ်ကိုပဲ ပြုပြု နောက်ဆုံးပန်းတိုင်ကား အိုနာသေရေးဆင်းရဲဘေးမှ လွတ်မြောက်ဘို့ နိဗ္ဗာန်ရောက်ဘို့ပင်ဖြစ်၏။ ထိုသို့ဆိုလျှင် သင်္ကန်းအကျိုး၊ ဆွမ်းအကျိုး၊ ကျောင်းအကျိုး၊ စသည်ဖြင့် အဘယ်ကြောင့် တောင်းနေကြပါသနည်းဟု မေးဘွယ်ရှိပါ၏။ သစ်ပင်စိုက်ပျိုး ရာ၌ ဟိုမျိုးစေ့စိုက်လျှင် ဟို အပင်ပေါက်၍ ဒီမျိုးစေ့စိုက်လျှင် ဒီအပင်ပေါက်သည် ဆိုသကဲ့သို့ ကိုယ်စိုက်ပျိုး သည့် မျိုးစေ့အားလျော်စွာ အပင်ပေါက်ခြင်းဟူသော အကျိုးရင်းရှိကြ၏။ ဥပမာ - အစာအာဟာရတို့ကို စားသောက်ကြရာ၌ ဘယ်အစာ ဘယ်အာဟာရကိုပဲ စားစားနောက်ဆုံးအသွေးအသားဖြစ်ဘို့ ပဓာနဖြစ်၏။ သို့သော်လျှာပေါ်ရောက်သည့်အခိုက်တွင်  အချိုသီးစားလျှင် အချိုအရသာ၊ အဆိမ့်သီးစားလျှင် အဆိမ့်အရသာ ပေါ်ပြီး နောက်ဆုံး အသွေးအသား အဖြစ်သို့ရောက်သွားတော့၏။
ထို့အတူ နောက်ဆုံးပန်းတိုင်သို့ မရောက်ကြမီ သံသရာတခွင် ကျင်လည်ရသော ကြားကာလ အတွင်းဝယ် သင်္ကန်းလှူပြီး နိဗ္ဗာန်သွားကြ၏။ ဆွမ်းလှူပြီး နိဗ္ဗာန်သွားကြ၏။ သို့သော် ကိုယ်ပြုလုပ်သည့် စေတနာ ဆန္ဒအားလျော်စွာ (လျှာပေါ်ရောက်ခိုက် အရသာကိုသိရ ခံစားရသလို) သင်္ကန်းအကျိုး၊ ဆွမ်းအကျိုး၊ ကျောင်းအကျိုး၊ ဆေးအကျိုး စသည်ဖြင့် သီးခြား အကျိုးလေးများကို ကိုယ်ကြိုက်သလိုခံစားကြရခြင်းသာဖြစ်ပေ၏။                                                                        ထိုကဲ့သို့ကိုယ့်အလိုကိုယ့်အကြိုက်ကိုယ့်စရိုက်နှင့်အညီသီးခြားအကျိုးလေးများရယူခံစားနိုင်ကြစေရန်ဤသို့အခွင့်ကောင်းအခါကောင်းနှင့်ကြုံရသည့်အခိုက်ဝယ်ဦးဦးဖျားဖျားပါရမီကုသိုလ်ထူးများဖြစ်ပွား နိုင်ကြပါစေ ဟု မေတ္တာဆန္ဒပြုလိုက်ရပါသည်။
 အရှင်ဣန္ဒာစာရ

အမျိုးသမီးများ သိမ်ထဲသို့ ဝင်ကောင်း မကောင်း သိထားသင့်

သိမ်အကြောင်းကိုတစိပ်တဒေသ နားလည်အောင်သိထားသင့်သည်၊ သိမ်ဆိုသည်မှာ ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟုအထင်ရောက်နေခြင်းမှာလုံးဝလွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ)စိုက်၍သမုတ်ထားသော(ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်းထိုနည်းပင်ဖြစ်ပါသည်။''သိမ်အတွင်းမိန်းမတွေဝင်လျှင်ငရဲကြီးသည်''ဟုပြောဆိုထင်မှတ်နေကြခြင်းမှာပိုလွန်နေသောလွဲမှားမှုသာဖြစ်ချေသည်။ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌အမျိုးသမီးများသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်းကံပြုနေချိန်၌လူဝတ်ကြောင်စသည်မပါဝင်စေရ၊ကြဉ်ဖယ်ထားရမည်''ဆိုသော်လည်းသိမ်ထဲတွင်မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့်  ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ)လူစသောနှစ်ကျိပ်တယောက်သောဝဇ္ဇနိယပုဂ္ဂိုလ်တို့ကိုနှစ်တောင့်ထွာဟတ္ထပါသ်မှအပပြုခြင်းဖြင့်ကြဉ်ဖယ်ထားရမည်။ (ကင်္ခါဝိတရဏီအဋ္ဌကထာ)။
''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ'' ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌အမျိုးသမီးများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ်-လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း အမျိုးသမီးများ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်းဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်


ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်
စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ၀ိနယ လို့ခေါ်ပါတယ်။ဝိနယ ကို မြန်မာမှုပြုထားတာက၀ိနည်းတဲ့။ စည်းမျဉ်း စည်းကမ်းတွေကို တစ်စုတစ်ဝေးတည်းပေါင်းစုထားတာကိုတော့ဝိနယပိဋကလို့ခေါ်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ဥပဒေပေါင်းချုပ်ပေါ့။

(၀ိနယပိဋက) ဥပဒေပေါင်းချုပ်စာအုပ် ငါးအုပ်ရှိတယ်။ငါးအုပ်ထဲက မဟာဝါစာအုပ်ကို ပထမဆုံး လေ့လာဘူးတယ်ဆိုတာ ပြောခဲ့ပြီးပြီ။မဟာဝါစာအုပ်မှာ အခန်း (Section) ၁၀ ခုရှိတယ်။

ဝိနည်းဥပဒေစာအုပ်ဆိုပေမဲ့ ဥပဒေချည်းသက်သက် ဖော်ပြထားတာမဟုတ်ဘူး။သမိုင်းရှုဒေါင့်က အင်မတန်အရေးပါတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘုရားရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစောဆုံးစာမျက်နှာတွေမှာတွေ့ရတယ်။

အမည်-သိဒ္ဓတ္ထ
မျိုးနွယ်အမည်- ဂေါတမ
မွေးနှစ်-ဘီစီ၆၂၃၊မေလလပြည့်နေ့
မွေးဖွားရာနေရာ-လုမ္ဗိနီဥယျာဉ်၊ကပိလ၀တ္ထု
ဇာတိ-ကပိလ၀တ္ထု

မိဘ-သုဒ္ဓေါဒန၊မဟာမာယာ
ဇနီး-ယသောဓရာ
သား-ရာဟုလာ
ယောက်ဖ-ဒေ၀ဒတ်
နန်းစံနှစ်-၁၃နှစ်(၁၆-၂၉)

နိမိတ်ကြီးများ-သူအို၊သူနာ၊သူသေ၊ရဟန်း
ဗျာဒိတ်ခံယူသောဘ၀-သုမေဓောရသေ့ဘဝ
ဗျာဒိတ်ခံယူသောနေ့-ကဆုန်လပြည့်
ဗျာဒိတ်ပေးသောဘုရား-ဒီပင်္ကရာမြတ်စွာဘုရား

ပါရမီဖြည့်ဘက်-သုမိတ္တာအမျိုးသမီး
ပါရမီဖြည့်ရာကာလ-လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရခြည်င်း၏ရည်ရွယ်ချက်-သတ္တ၀ါအကျိုးသယ်ပိုးရန်

ဒုက္ကရစရိယာကျင့်ရသောကာလ-၆နှစ်ကြာ(၉၇-၁၀၃)
ဒုက္ကရစရိယာကျင့်သည့်နေရာ-ဥရုဝေဠတော
ဘုရားဖြစ်ချိန်သက်တော်-၃၅နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း-၁၀၀တမ်း

တရားဦးဟောသည့်နေရာ-ဗာရာဏသီ၊မိဂဒါဝုန်တော
ပထမဆုံးသာဝက-ပဉ္စ၀ဂ္ဂီငါးဦး
နောက်ဆုံးကျွတ်သောသာဝက-သုဘဒ္ဒပရိဗိုဇ်
လက်ယာရံအဂ္ဂသာဝက-ရှင်သာရိပုတ္တရာ
လက်ဝဲရံအဂ္ဂသာဝက-ရှင်မဟာမောဂ္ဂလာန်

အဆုံးအမသာသနာ-ပရိယတ္တိ၊ပဋိပတ္တိ၊ပဋိဝေဓ
ကျင့်စဉ်သိက္ခာ-သီလ၊သမာဓိ၊ပညာ
ချမှတ်သောလမ်းစဉ်-မဇ္ဈိမပဋိပဒါ

ပဋိသန္ဓေယူသောနေ့-မဟာသက္ကရာဇ်၆၇၊၀ါဆိုလပြည့်၊ကြာသပတေးနေ့
ဖွားမြင်သောနေ့-မဟာသက္ကရာဇ်၆၈၊ကဆုန်လပြည့်၊သောကြာနေ့
တောထွက်သောနေ့-မဟာသက္ကရာဇ်၉၇၊၀ါဆိုလပြည့်၊တနင်္လာနေ့

ဘုရားဖြစ်သောနေ့-မဟာသက္ကရာဇ်၁၀၃၊ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့
ဓမ္မစကြာဟောသောနေ့-မဟာသက္ကရာဇ်၁၀၃၊၀ါဆိုလပြည့်၊စနေနေ့
ပရိနိဗ္ဗာန်စံသောနေ့-မဟာသက္ကရာဇ်၁၄၈၊ကဆုန်လပြည့်၊အင်္ဂါနေ့
တေဇောဓာတ်လောင်သောနေ့-မဟာသက္ကရာဇ်၁၄၈၊ကဆုန်လဆုတ်၁၂၊တနင်္ဂနွေနေ့

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ဒါလေးတွေသိသင့်လို့ရှာဖွေတင်ပေးလိုက်တယ်။

Saturday, 18 August 2012

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ
ဒီအခန်းကတော့ တကယ့်ကို ကောင်းလွန်းပါတယ်။ ဗုဒ္ဓနဲ့ ပက်သက်လို့ အနန္တတန်ခိုးရှင် တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လူသားထဲကမဟာလူသားတစ်ယောက် အနေနဲ့ ဖော်ပြထားပုံက ဗုဒ္ဓကို အမှန်တကယ်ကို ကြည်ညိုလာစေပါတယ်။
ဒီအထဲမှာလည်းတော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တွေရှိပါတယ်။ ဥပမာ ဗုဒ္ဓဖွားမြင်ရာတိုင်းပြည် သက္ကတိုင်းသည်နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့အကြောင်း၊သက်ဦးဆံပိုင်ဘုရင်အုပ်စိုးခြင်းမဟုတ်ဘဲယခုခေတ်ဒီမိုကရေစီနိုင်ငံများအုပ်ချုပ်သကဲ့သို့ဖြစ်ကြောင်း၊ဗိမ္ဗိသာရမင်းအုပ်စိုးတဲ့မာဂဓတိုင်း၊ ကောသလမင်းကြီးအုပ်စိုးသော ကောသလတိုင်းများသည် ကား ဘုရင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံများဖြစ်ကြောင်းသိရပါတယ်။
ဗုဒ္ဓ
ငါ.ရှင်၊  သင်သည် မည်သူဖြစ်သနည်း၊  သင်၏ ဣနြေ္ဒတို့သည် ကြည်လင်လှ၏။ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏။(-ဝိနည်း၊ မဟာဝဂ်)
ဝက္ကလိ၊
ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကို မြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။(-သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်- ဝက္ကလိသုတ်)
(က) ပိဋကတ်မှ ဂေါတမဗုဒ္ဓ
မြန်မာနိုင်ငံတွင် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ် အကြောင်းအရာများကို ရေးသား ထားသော မြန်မာဗုဒ္ဓဝင် စာအုပ်များရှိ၏။ ထိုစာအုပ်များ၌ ပါရှိသော အချက်များကို မြန်မာဗုဒ္ဓဝါဒီတို့က အကြွင်းမဲ့ လက်ခံယုံကြည်ကြမည်ဖြစ်သော်လည်း အနောက်တိုင်း ဗုဒ္ဓစာပေ သုတေသီပညာရှင်တို့က ထိုသို့ လက်ခံလိုကြမည် မဟုတ်ချေ။တစ်နည်းဆိုသော် ယိုးဒယား၊ မြန်မာ၊ သီဟိုဠ်သားတို့၏ ဗုဒ္ဓဝင်ကို တိကျခိုင်မာသောဗုဒ္ဓအတ္တုပ္ပတ္တိအဖြစ်အသိအမှတ်ပြုလိုကြမည် မဟုတ်ချေ။ အမှန်ဆိုသော် ရှေးအစဉ်အလာ ယုံကြည်ချက်များကို မျက်စိမှိတ် လက်မခံလိုဘဲ ဝေဖန်ဆန်းစစ်လိုသော ဗုဒ္ဓဝါဒီတို့သည်ပင် ဗုဒ္ဓဝင်ကျမ်းလာ အချို့သောစကားများကို ယုံမှားသံသယရှိကြမည် အမှန်ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို မှန်ကန်စွာ သိရှိလိုပါက ဗုဒ္ဓဝင်ကျမ်းပြုဆရာတို့ မှီငြမ်းပြုသော ပါဠိပိဋကတ်ကို ဦးစွာလေ့လာရပေမည်။ လေ့လာရာ၌ သုတေသီပညာရှင်တို့၏ အလိုအားဖြင့်ရှေးကျ၍ အထူးခိုင်မာသော ပိဋကတ်စာပေများကို ဦးစားပေး၍ လေ့လာရပေမည်။ ထိုစာပေများမှာ သုတ္တန်ပိဋကတ်မှ ပထမနိကာယ်လေးကျမ်း၊ခုဒ္ဒကနိကာယ်နှင့်အချို့ကျမ်းများနှင့်အချို့သောဝိနည်းကျမ်းများဖြစ်ကြောင်း ဖော်ပြခဲ့ပေပြီ။
ထိုပိဋကတ်စာပေများကို နှံ့နှံ့စပ်စပ် လေ့လာပါက ဗုဒ္ဓအကြောင်း ထူးခြားသော အချက်နှစ်ရပ်ကို ကျွန်ုပ်တို့ သတိပြုမိမည်ဖြစ်၏။ ပထမအချက်မှာ ဗုဒ္ဓအကြောင်းအရာများနှင့် စပ်လျဉ်း၍ အချို့နေရာများ၌ ဗုဒ္ဓဝင် (ဝါ) အဌကထာကျမ်းများနှင့် ပိဋကတ်လာစကားများ မတူပဲ ကွဲလွဲနေခြင်းဖြစ်၏။ ဒုတိယအချက်မှာ ဗုဒ္ဓဝင်နှင့် အဌကထာများမှ ဗုဒ္ဓအကြောင်းအရာများသည် ထူးထွေများပြား၍ စုံလင်လှသည်နှင့်အမျှ ပိဋကတ်စာပေ၌ ဗုဒ္ဓအကြောင်း နည်းပါး၍ ပြည့်စုံခြင်းမရှိချေ။
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို အစအဆုံး တစ်ဆက်တည်း ပြည်.စုံစွာ ပြဆိုထားသော ကျမ်းစာကို မတွေ့ရချေ။ အနည်းငယ်သောပါဠိတော်များ၌သာ ဗုဒ္ဓ၏ အချို့သောဖြစ်စဉ်များအကြောင်းကို ဖတ်ရှု့ရ၏။မဇ္ဈိမနိကာယ်၊အရိယပရိယေသနသုတ်မဟာသစ္စကသုတ်စသည်တို့၌ဘုရားလောင်း တောထွက်ပုံ ၊ တရားကျင့်ပုံနှင့် ဘုရားအဖြစ်သို့ ရောက်ရှိပုံများကို လည်းကောင်း၊ ဝိနည်းပိဋကတ် မဟာဝဂ္ဂ၌ ဘုရားဖြစ်သည်မှအရှင်သာရိပုတ္တရာနှင့်အရှင်မောဂ္ဂလန်တို့ဘုရားထံ၌ရဟန်းပြုကြသည်အထိကိုလည်းကောင်း ၊ ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ်၌ ဘုရားရှင်၏ နောက်ဆုံးဖြစ်စဉ်များကို လည်းကောင်း ဖော်ပြထား၏။ သို့ရာတွင် ထိုပါဠိတော်များ၌ ဗုဒ္ဓဝင် နှင့် အဌကထာများမှ များစွာသော ဗုဒ္ဓအကြောင်းအရာများကို မတွေ့ရချေ။
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ အတ္ထုပတ္တိကို အပြည့်အစုံ မတွေ့ရခြင်းမှာ ရှေးလူတို့က မိမိတို့ခေတ်အတွင်း ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်တို့၏ဘဝဖြစ်စဉ်များကိုစုံစုံစေ့စေ့ မှတ်သားထားလေ့မရှိသောကြောင့်ဖြစ်၏။ ပုဂ္ဂိုလ်အတ္ထုပတ္တိကို ရေးသားသောအတတ်သည်ယခုခေတ်မှ ပေါ်လာသောအတတ်ဖြစ်၏။ ရှေးအိန္ဒိယ နိုင်ငံသားတို့သည် ပညာရှိတစ်ဦး၏ ဘဝအဖြစ်အပျက်များကို သူ၏စကားများလောက် ဂရုပြုလေ့မရှိကြချေ။
သို့ဖြင့် ရှေးပဝေသဏီက ဘာသာဝါဒအမျိုးမျိုးကို အစဦးစွာ ဟောပြောခဲ့သော ပုဂ္ဂိုလ်တို့၏ ဘဝဖြစ်စဉ် မှတ်တမ်းများအထင်အရှားရှိဖို့ဝေးစွ၊သူတို့၏အမည်များသည်ပင်ပျောက်ကွယ်ခဲ့ပေပြီ။အိန္ဒိယဘာသာရေးသမိုင်း၌ နာမည်ကျန်ရှိသော ကပိလ(Kapila)၊ ရှန်ကရ(Samkara)၊ အစရှိသည့် အနည်းငယ်သော ပုဂ္ဂိုလ်ကြီးတို့ အကြောင်းကို လည်း ယခုခေတ်လူတို့ စုံလင်စွာ မသိကြရချေ။ သူတို့အကြောင်းအရာနှင့်စာသော် ကျွန်ုပ်တို့သိရသော ဗုဒ္ဓ၏ အကြောင်းအရာများမှာ အတော်အတန်စုံလင်သည် ဟုဆိုရမည်။
ဗုဒ္ဓသည် ဘီစီ ၆ ရာစု (ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်လောက်) အတွင်း၌ဖွားမြင်တော်မူကြောင်း သုတေသီပညာရှင်အားလုံး လက်ခံယုံကြည်ကြ၏။ ထိုရာစုနှစ်မှာ တရုတ်ပညာရှိ ကွန်ဖြူးရှပ် နှင့် ဂရိပညာရှိ ပိုက်သာဂိုးရတ် တို့ ဖွားမြင်သောရာစုနှစ်ဖြစ်၏။ ဗုဒ္ဓဖွားမြင်တော်မူရာ ဒေသမှာ အိန္ဒိယပြည်မြောက်ပိုင်းရှိ သက္ကတိုင်းဖြစ်၏။ အိန္ဒိယနှင့် နီပေါပြည်နယ်စပ်ရှိ သက္ကတိုင်း၏ မြို့တော်မှာ ကပိလဝတ်မြို့ဖြစ်၍ ဗာရာဏသြီံမို့၏ မြောက်ဘက် မိုင်တစ်ရာခန့်အကွာ၌ တည်ရှိ၏။
ပိဋကတ်စာပေ၌ ဖော်ပြထားသော ထိုအခါက အိန္ဒိယ မြောက်ပိုင်းရှိ တိုင်းကြီး ၁၆ တိုင်း အမည်စာရင်းတွင် သက္ကတိုင်း၏ အမည်ကို မတွေ့ရချေ။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယနိုင်ငံတွင် ကောသလ၊ မဂဓ စသော ဘုရင်အုပ်စိုးသည့် တိုင်းပြည်ကြီးများ အပြင် သက္က, ကောလိယ, ဝဇ္ဇီစသော နိုင်ငံငယ်များရှိ၏။ ထိုနိုင်ငံငယ်များသည် ယခုခေတ် ဒီမိုကရေစီနိုင်ငံများနှင့်တူ၍ ခတ္တိယများက အုပ်ချုပ်ကြ၏။ ခတ္တိယတို့သည် ပုဂ္ဂိုလ် တစ်ဦးဦးကို နာယကတင်မြောက်ပြီးလျင် အစည်းအဝေး ကျင်းပ၍ တိုင်းပြည်ကိစ္စ အရပ်ရပ်ကို စီရင်ဆုံးဖြတ်ကြ၏။
ပိဋကတ်စာပေ၌ ဗိမ္ဗိသာရ, အဇာတသတ် စသော ဘုရင်အမည်များကို နာမဝိသေသနပုဒ်များဖြင့် အပြည့်အစုံထပ်တလဲလဲပြဆိုထား၏။ဗိမ္ဗိသာရမင်းကိုမဂဓတိုင်းရှင် သေနိယမည်သောဗိမ္ဗိသာရမင်းဟုခေါ်၍ အဇာတသက်ကို ဝေဒဟီ မိဖုရား၏ သား မဂဓတိုင်းရှင် အဇာတသတ်မင်းဟု ဖော်ပြထား၏။ ဗုဒ္ဓ၏ ခမည်းတော်အားဘုရင်သုဒ္ဓေါဒနဟုခေါ်ဝေါ်ခြင်းကိုမူပိဋကတ်နှစ်နေရာတည်း(ဒီဃနိကာယ်မဟာပဒါနသုတ် နှင့် ခုန္ဒကနိကာယ် ဗုဒ္ဓဝံသ) ၌သာ ဖော်ပြထား၏။ တကယ်ပင်သာကီဝင်မင်းဖြစ်သော ဘဒ္ဒိယကိုမူ ဝိနည်းပိဋကတ်၌ ဘဒ္ဒိယ သက္ကရာဇာဟူ၍ ခေါ်ဝေါ်ထား၏။
ဘုရားအလောင်းသည် တောမထွက်မှီက များစွာသောစည်းစိမ်ချမ်းသာ ခံစားခဲ့ကြောင်း ဗုဒ္ဓ၏ စကားများဖြင့်သိအပ်၏။"အို မာဂဏ္ဍိယ၊ ငါသည် သုံးဆောင်သော ပြာသာဒ်တို.၌ တီးမှုတ်မျိုးစုံတို.ဖြင်. တင်.တယ်စွာ ခံစားစံစားလျက် နေခဲ့၏။"(မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)။ "ရဟန်းတို့၊ ငါသည် ချမ်းသာစွာ၊ နူးညံ့သိမ်မွေ့စွာ နေရ၏။ မိုးလေးလပတ်လုံး ပြဿာဒ်မှ အောက်သို့မသက်ဆင်းဘဲ နေရ၏။" (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်- သုခုမာလသုတ်)။ ပိဋကတ်စာပေ၌ ဤစကားများထက်ပို၍ ဗုဒ္ဓဝင်များမှာ ကဲ့သို့ ဘုရားလောင်း၏ စည်းစိမ်ချမ်းသာ ခံစားမှုကို ချဲ့ထွင်ပြထားခြင်းမရှိချေ။
"ရဟန်းတို့၊ ငါသည် ဘုရားမဖြစ်သေးမီ ပထမအရွယ်က ဤသို့ကြံ၏။ မသိနားမလည်သော သာမန်လူသည် မိမိကိုယ်တိုင် တစ်နေ့တွင် အိုရဦးမည် ဖြစ်ပါလျက် သူအိုတစ်ဦးကို မြင်လျင် စိတ်မသက်မသာ စက်ဆုပ်ရွံရှာခြင်းဖြစ်တတ်၏။ ငါသည် ဤသို့ ဖြစ်ရန် မသင့်လျော်ပါတကား။ ဤသို့တွေးတောရင်း ငါ၏ပျိုမျစ်သောအရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းပျောက်ကွယ်ခဲ့၏။" (အဂုင်္တ္တရနိကာယ်, တိကနိပါတ်, သုခုမာလသုတ်)
"ရဟန်းတို့၊ ငါသည် ဘုရားအဖြစ်သို့မရောက်မီက ဤသို့အကြံဖြစ်၏။ အဘယ်ကြောင့် ငါသည် ဇာတိသဘော ရှိသည်ဖြစ်ပါလျက်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း သဘောရှိသည်ဖြစ်ပါလျက် ညစ်ညူးခြင်းသဘောရှိသည် ဖြစ်ပါလျက် ထိုညစ်ညူးခြင်း သဘောကိုသာလျှင် ရှာဘိသနည်း။ ငါသည် ဇာတိမရှိရာ၊ မအို၊ မနာ၊ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ့ဟူ၍ အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ အရိယပရိယေသနသုတ်)
အချို့သော သုတ္တန်ဒေသနာများ၌မူ အိုခြင်း၊နာခြင်း၊ သေခြင်းကို ဆင်ခြင်သုံးသပ်ကြောင်းပင် မလာဘဲ လူ့ဘောင်ကိုငြီးငွေ့၍ တောထွက်ကြောင်းဗုဒ္ဓကိုယ်တိုင်မိန့်ကြားသောစကားလာ၏။ အောက်ပါစကားသည် များစွာသော သုတ္တန်တို့၌တွေ့ရသော ဗုဒ္ဓစကားဖြစ်၏။
"ရဟန်းတို့၊ ငါ့အား ဤသို့အကြံဖြစ်၏။ အိမ်ရာထောင်သော လူတို့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း၏။မြူမှုန်ထူသော ခရီးနှင့်တူ၏။အိမ်၌နေသော သူသည် စင်စစ် မြတ်သောအကျင့်ကို ကျင့်ရန်မလွယ်ချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးသော် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူကောင်းလေစွတကားဟု အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်နှင့် အခြားသုတ်များ)
ထိုခေတ်ကအိန္ဒိယပြည်၌ တောထွက်၍ရဟန်းပြုခြင်းသည် ရှေးပဝေသဏီကစ၍ပညာရှိသူတော်ကောင်းတို့ လိုက်နာသောလမ်းစဉ်ဖြစ်၏။မိဘများကသဘောမတူဘဲတားမြစ်ထားပါလျက် တောထွက်သောသူများအကြောင်း အဌကထာများ၌ ဖော်ပြထား၏။ ဘုရားအလောင်းသိဒ္ဓတ္ထသည် ထိုသို့သော ပိုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပိဋကတ်၌လာ၏။
မဇ္ဈိမနိကာယ်၊ အရိယပရိယေနသုတ်၊ အဟာသစ္စကသုတ် နှင်. အခြားသုတ်များတွင် ဗုဒ္ဓကိုယ်တိုင်က "ငါသည် မည်းနက်သော ဆံပင်ရှိ၍ ငယ်ရွယ်ပျိုမျစ်သောပထမအရွယ်၌ အမိအဖတို.သည် သဘောမတူသဖြင့်မျက်ရည်ရွှဲစို ငိုယိုနေကြစဉ် ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ပြီးလျင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကူပြောင်းခဲ့ပေသည်" ဟုမိန့်ကြားတော်မူ ကြောင်းပြဆိုထား၏။ ဒီဃနိကာယ်သောဏဒန္တသုတ်နှင့် ကူဋဒန္တသုတ်များ၌လည်း ဗြာဟ္မဏ ဆရာနှစ်ဦးက ရဟန်းဂေါတမသည် ငယ်စဉ်ကမိဘတို့သဘောမတူသဖြင့် ငိုယိုနေကြစဉ် ရဟန်းပြုခဲ့သည်ဟု ပြောဆိုကြကြောင်း ဖော်ပြထား၏။
မည်သို့ဖြစ်စေ အထက်ကပြဆိုခဲ့သော ဗုဒ္ဓဝင်နှင့် ပိဋကတ် ကွဲလွဲဆန့်ကျင်မှုများမှာ ဗုဒ္ဓ၏တရားများနှင့် မသက်ဆိုင်သောကြောင့် ဗုဒ္ဓဓမ္မ လေ့လာသူတို့အဖို့ အရေးမကြီးလှချေ။ အရေးကြီးသည်ကား ဗုဒ္ဓသည် မည်သို့သော ပညာရှိပုဂ္ဂိုလ် သူမြတ်ဖြစ်ကြောင်း နားလည်သိရှိရန်ဖြစ်၏။ ဗုဒ္ဓသည် လူ့ဘဝ၊ လူ.လောက ပြဿနာ များကို မည်သို့ ရှုမြင်သုံးသပ်သည်။ လူတို့၏ ရှေးအစဉ်အလာ ယုံကြည်ချက်များအပေါ် မည်သို့ဆုံးမသည် စသည်တို့မှာ ဗုဒ္ဓဓမ္မ လေ့လာရာ၌ ကျွန်ုပ်တို့ သိရှိရန်မုချလိုအပ်သော အချက်များဖြစ်၏။ ဗုဒ္ဓအကြောင်း ပါဠိတော်များကို မှီငြမ်းပြု၍ ဤအချက်များကို တတ်နိုင်သမျှ စုံစုံစေ့စေ့ ဖော်ပြပါအံ့။
(ခ) ဗုဒ္ဓ၏ထူးခြားချက်များ
ဗုဒ္ဓသည် မိုးရာသီ၌ နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို့ ခရီးလှည့်လည်ပြီးလျင် တရားဟောတော်မူလေ့ရှိ၏။ တစ်ခါတစ်ရံ၌မူ သာဝတ္တိ၊ ဝေသာလီ စသော မြို.ကြီးများ၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို.၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို့၌ သီတင်းသုံးနေတော်မူစဉ် တစ်နေ့တာ မည်သို့ ကုန်လွန်စေပုံကို ဖော်ပြထား၏။
တစ်နေ့သော နံနက်စောစော၌ ဗုဒ္ဓသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျင် မြို့တွင်းသို့ ဆွမ်းအလို့ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို.သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို့ မကြားနာရသည်မှာ ကြာလှပြီဖြစ်၍ ကြားနာလိုကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို့အား ဓမ္မိက ပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို့သွား၍ နေကြရန်ပြော၏။ ရဟန်းတို့သည် ထိုကျောင်းသို့ သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို့ ကြွသွားတော်မူ၏။ ထိုကျောင်း၌ တစ်နေကုန် နေတော်မူပြီးလျင်အရှင်အာနန္ဒာနှင့်အတူ ရေချိုးဆိပ်သို့ကြွသွား၍ ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဓမ္မိကပုဏ္ဏား၏ကျောင်းသို့ ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို့ ကြွသွား၏။
ရဟန်းတို့သည် တရားစကားဖြင့် စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ်အပြင် ဘက်၌ရပ်လျက် စကားအဆုံးကို ဆိုင်းငံ့နေတော်မူ၏။စကားဆုံးလတ်သော် ချောင်းဟန့်၍ တံခါးရွက်ကို ခေါက်၏။ ရဟန်းတို့ကတံခါးကိုဖွင့်၍ဗုဒ္ဓသည်ခင်းထားအပ်သောနေရာ၌ထိုင်ပြီးလျင်"ရဟန်းတို့၊ယခုကြွလာသောအခါအဘယ်စကားဖြင့်သင်တို့စည်းဝေး၍ ဟောပြောနေကြကုန်သနည်းဟု လျှောက်ကြသော် ဗုဒ္ဓသည်မိမိ ဘုရားမဖြစ်မီက ကြုံတွေ့ခဲ့ရပုံများကို ပြောပြလို၍ အရိယပရိယေတနသုတ်ကို ဟောတော်မူ၏။
ထိုတရားပွဲများ၌ တခါတစ်ရံ ရဟန်းတစ်ပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓအား အခွင့်ပန်ကြားပြီးသည့်နောက် မိမိသိလိုသောအချက်ကို မေးလျှောက်လေ့ရှိ၏။ တရားပွဲများသည် အတော်ညဉ့်နက်မှပြီးဆုံး၏။ဘုရားရှင်ပင်ပန်းညောင်းညာသောအခါအရှင်အာနန္ဒာ၊အရှင်သာရိပုတ္တရာစသော တပည့်မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။
ဗုဒ္ဓနှင့် ရဟန်းသံဃာတို့၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်၌အဇာတသတ်မင်းသည် ဘုရားရှင်ကို ဖူးမြှော်ရန် ဆရာဇီဝကနှင့်အတူ ကျောင်းတော်သို့ သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို့ ချဉ်းကပ်မိသောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင့်အတူ ကျောင်းတိုက်ထဲ၌ သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုးသံ ချေသံ တစ်ချက်မျှမကြားရဘဲအလွန်တိတ်ဆိတ်နေသောကြောင့်ဖြစ်၏။ဇီဝကကအားပေးနှစ်သိမ့်မှအဇာတသက်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို့ဝင်ပြီးနောက် ဗုဒ္ဓကို ဖူမြော်လေသည်။
ဗုဒ္ဓသည်တိတ်ဆိတ်မှုကိုနှစ်သက်၏။တစ်ခါတစ်ရံဆွမ်းစားပြီးလျှင်တောထဲသို့ကြွသွား၍သစ်ပင်များအောက်၌ နေတော်မူလေ့ရှိ၏။ ရဟန်းတို့အား စကားပြောလျင် တရားစကားကိုသာပြောရန်၊ သို့မဟုတ် ဆိတ်ဆိတ်နေရန် မကြာခဏသတိပေး၏။တစ်ခါသော်ဗုဒ္ဓကိုဖူးမြော်ရန်ရောက်လာကြသောရဟန်းတို့သည်အချင်းချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင့်ကျောင်းမှနှင်ထုတ်ခံကြရ၏(မဇ္ဈိမနိကာယ်၊စတုမသုတ်)။တိတ်ဆိတ်မှုကို ဗုဒ္ဓနှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို့သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကို မြင်သော် အချင်းတို့အသံမပြုကြကုန်လင့်၊ ဗုဒ္ဓ၏တပည့်သည် လာနေ၏။ သူတို့သည် တိတ်ဆိတ်မှုကို နှစ်သက်၏ ဟု အချင်းချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။(အင်္ဂုတ္တရ-ကိံဒိဌိကသုတ်)
ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို့စိတ်ကူဖြင့် ခန့်မှန်းကြည့်ရန်ခဲယဉ်း၏။ အဘယ်ကြောင့်ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုတော်များသည် ဂရိ(ခေါမ) လက်ရာများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည်.နောက် နှစ်ပေါင်း အတော်ကြာသည့်တိုင်အောင် ဗုဒ္ဓရုပ်တုများကို ထုလုပ်ကိုးကွယ်သော အလေ့အထမရှိချေ။ အင်္ဂလိပ် ပညာရှင် ဆာချား(စ) အဲလိယော့ ၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် "သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓရုပ်တုများ ကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲ၌ မြင်လာနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည်ဆားနတ်အရပ်၌ တွေ့ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်တုများသည် သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန် မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ပ်ထင်ပါသည်။ ထိုရုပ်တုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက်ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ၊ သို့မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှာ ယုတ္တိရှိ၏။" (Sir Charles Eliot: Hindduism & Buddhism- Vol.I, pp.171)
ဗုဒ္ဓသည်ကျန်းမာတောင့်တင်းသောပုဂ္ဂိုလ်ဖြစ်ကြောင်းပိဋကတ်စာပေ၌ထင်ရှား၏။ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကိုဆင်းရဲငြိုငြင်စွာကျင့်နိုင်ခဲခြင်း၊အသက်၈၀ထိတစ်နေရာမှတစ်နေရာသို့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန်ခံစားပြီးသည့်နောက်၌ပင် မိုင်ပေါင်းများစွာ ဝေးသော ကုသိနာရုံသို့ ခြေလျင်ခရီးကြွသွားခြင်း စသည်တို့ကို ထောက်ဆ၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့ခိုင် တောင့်တင်းကြောင်းယုံမှားဖွယ်မရှိချေ။
ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင့်တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်၏။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏။ " ရဟန်းတို့၊ ငါသည် ညစာမစားရသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏။ကိုယ်လက်ကြံ့ခိုင်၍ချမ်းသာစွာနေရ၏"မဇ္ဈိမနိကာယ်၊ကိဋာဂီရိသုတ်)။ လောက၌ကျန်းမာ၍ အသက်ရှည်သောသူတို့သည် အများအားဖြင့် ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ် သောသူများ ဖြစ်၏။
ဗုဒ္ဓသည် လူသတ္တဝါတို့ကို သံသရာဝဋ်ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသော အခါ၌ပင် သုဘဒ္ဒါရဟန်းအား ဟောပြောဆုံးမတော်မူခဲ.သေးသည် မဟုတ်ပါလော။ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှုဖြစ်၏။ တစ်ခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို.သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ဟတ္ထာအာဠဝက မင်းသားသည် လှည်.လှည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို့ချဉ်းကပ်ပြီးလျင် "မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော" ဟုမေးလျှောက်၏။ ဗုဒ္ဓက " မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည် "ဟု ပြန်ပြော၏၊
ထိုအခါ မင်းသားသည် များစွာအံ့ဩ၍ "အရှင်ဘုရား၊ ယခုအချိန်အခါသည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။သစ်ပင်မှသစ်ရွက်တို့သည်ကျဲရဲရဲရှိကြပါကုန်၏။အရပ်လေးမျက်နှာမှ အေးမြသော လေတိုက်ခတ်နေ၍ ဆီးနှင်းတို့ တဖွဲဖွဲကျလျက်ရှိပါ၏။သို့ဖြစ်ပါလျက် ငါသည် ချမ်းသာစွာအိပ်ရသည် ဟု အရှင်ဘုရား မိန့်တော်မူဘိ၏" ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ် ခံစား၍ နူးညံ.သောနေရာ၌ အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာအိပ်ရမည် မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာ ရာဂမီး ပယ်သက်ပြီးပြီဖြစ်၍ မည်သည့်နေရာမျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန့်တော်မူလေသည်။ (အင်္ဂုတ္တရနိကာယ်၊ တိကဒဟတ္ထာဠဝကသုတ်)
ဗုဒ္ဓ၏ စိတ်ငြိမ်းချမ်းမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဌာန်၌ အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို့ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ် တွေ့မြင်ရသော ဥပကတက္ကတွန်းက "ငါ့ရှင် ၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ ဣနြေ္ဒတို့သည် ကြည်လင်လှ၏။ အရေးအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏" ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင့်ပင် မိမိတို့၏ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြိုပြုကြ၏။
ဗုဒ္ဓ၏ တင့်တယ်ခံညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူများ ရှိသည့်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ် သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ပေါက္ခရဿတီ,သောဏဒန္တစသောအလွန်ဇာတ်ကြီး၊မာနကြီးသည့်ဗြဟ္မာဏခေါင်းဆောင်တိုသည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက်ဖူးတွေ့လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင့် ပသေနဒီကောသလမင်းတို့ ဖြစ်၏။သူတို့သည် ဗုဒ္ဓ အထံသို့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ကို လက်ဖြင့်ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့်အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဈိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင့် ဓမ္မစေတိယသုတ်)
ကောသလမင်းသည် ဓမ္မစေတိယသုတ်၌ ဗုဒ္ဓကို လူတို့မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏ တရားပွဲ၌ တရားနာပရိတ်သက်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြသောကြောင့် တစ်စုံတစ်ယောက် ချောင်းဟန့်သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တစ်ခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင့်ခရီးထွက်သွား၍ညစခန်းချသောအခါဣသိဒတ္တနှင့်ပုရာဏအမည်ရှိအမတ်ကြီးနှစ်ဦးသည် မိမိတို့၏အရှင်သခင်ဘုရင်ရှိရာဘက်သို့ခြေပြု၍ဗုဒ္ဓရှိရာအရပ်ကိုကားခေါင်းပြုလျက်အိပ်ကြပါသည်ဟု လျှောက်ထား၏။
ပရိဗိုဇ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမက များစွာသော ပရိသတ်အားတရားဟောနေစဉ် တစ်စုံတစ်ယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန့်ခြင်း မပြုဘဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်သော တပည့်တို့သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကိုသာလျှင် ဆိုလေ့ရှိပါသည်။ သူတစ်ပါးကို မကဲ့ရဲ့ဘဲ မိမိတို့ကိုယ်ကိုသာ ကဲ့ရဲ့ကြပါသည်ဆို၏။(မဇ္ဈိမနိကာယ၊ မဟာသကုလုဒါယီသုတ်)
ဤသို့များစွာသောလူတို.၏ ကြည်ညိုလေးစားခြင်း ခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်း ကြည်ညိုသော ဝက္ကလိရဟန်းအား မိန်.ကြားချက်သည်ရှင်းလင်းပြတ်သား၏။"ဝက္ကလိ၊ဤအပုပ်ကောင်ကိုဖူးမြင်ခြင်းဖြင့်အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။" (သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်-ဝက္ကလိသုတ်)
စင်စစ်ဗုဒ္ဓသည် ကမ္ဘာသမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ့ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန့်ကျင်သော ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုကမှားမည်မဟုတ်ချေ။ ဤအကြောင်းနှင့်ပတ်သက်သော ဗုဒ္ဓမိန့်ကြားချက်များကို ရှေ့၌ပြဆိုပါအံ့။
ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တစ်ခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား၊ နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓကြွလာမည့်လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ့ဆက်မသွားဘဲ ရပ်တန့်၍နေ၏။ မင်းသားက ပုဆိုးဖြူအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို့ ဝင်တော်မူ၏။ (မဇ္ဈိမ နိကာယ်၊ ဗောဓိရာဇကုမာရသုတ်)
လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍ ပြောလေ့ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာကျင့်နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ခြို့ခြံစွာကျင့်မှုမှာအချို့သောတပည့်ရဟန်းတို့ကမိမိထက်သာလွန်၍ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန့်ကြား၏(မဇ္ဈိမနိကာယ်၊မဟာသကုလဒါယီသုတ်)။တစ်နေ့သာ ညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိစဉ်"ရဟန်းတို့၊သင်တို့သည်အကယ်၍ငါ၌ကိုယ်နှင့်နှုတ်စပ်သောအပြစ်တစ်စုံတစ်ရာ တွေ့မြင်ပါက ငါ့အား လျှောက်ထားကြကုန်လော" ဟုမိန့်တော်မူ၏။ (သဂါထာဝဂ္ဂသံယုတ် ၊ ဝဂီသသုတ်)
ပိဋကတ်စာပေ၌ ဗုဒ္ဒ၏ စိတ်သဘောထား မြင့်မြတ်မှု၊ သနားကြင်နာမှု့၊ ထောက်ထားစာနာမှု့စသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒီဃနိကာယ်မှ မဟာပရိနိဗ္ဗာနသုတ်ဖြစ်၏။ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှု ထင်ဟပ်နေသော နောက်ဆုံးမိန့်ကြားချက်များကို ဖော်ပြပါအံ့။ ဗုဒ္ဓသည် ရွှေပန်းထိမ်သား စုန္ဒ၏ ဝက်သားဆွမ်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန် ရောဂါ အပြင်းအထန် ခံစားရ၏။သို့ရာတွင်စုန္ဒအားစိတ်မကောင်းမဖြစ်စေလိုသောကြောင့်ဘုရားရှင်နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို့ထက်အကျိုးအာနိသင်ကြီးမားသည်ဟူဘုရားရှင်၏မျက်မှောက်မှကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့၏။
အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည့်သံဃာတို့အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ့လိမ့်မည်ဟုမိမိယုံကြည်ပါကြောင်းလျှောက်ထား၏။ထိုအခါဗုဒ္ဓမိန့်ကြားသောစကားမှာ အောက်ပါအတိုင်းဖြစ်၏။
" အာနန္ဒာ၊ ငါဘုရားအား သင်တို့ အဘယ်ကြောင့် ဤမျှလောက် တောင့်တနေဘိသနည်း။ ငါသည် တရားဓမ္မကိုအကြွင်းမဲ့ ဟောကြားခဲ့ပေပြီ။သင်တို့သည်ငါ၏ နောက်လိုက်ဖြစ်သည်၊ငါသည်သင်တို့၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ့ချေ။အာနန္ဒာ၊ငါသည် အိုမင်း၍ ဘဝခရီး၏ အဆုံးပိုင်းသို့ ရောက်ရှိနေပေပြီ။ ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုသာ မှီခိုကိုးကွယ်၍ နေကြကုန်လော။ တရားမှတစ်ပါး မှီခိုကိုးကွယ်ရာ မရှိဘဲ တရားသာလျင် မှီခိုကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော"
တစ်နေရာ၌ အရှင်သာရိပုတ္တရာက သဗ္ဗညုတဥာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မာဏသည်ရှေးကမရှိခဲ့၊နောင်ရှိမည်လည်းမဟုတ်၊ယခုလည်းမရှိဟုကျွန်ုပ်ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက " သာရိပုတ္တရာ၊ သင်သည် ပွင့်ပြီး ပွင့်ဆဲပွင့်လတ္တံ့သော ဘုရားရှင်တို့၏ စိတ်ကို သင်၏ ဥာဏ်ဖြင့်ခွဲခြားမသိပါဘဲလျက် အဘယ်ကြောင့် ဤသို့ ကြီးကျယ်ခံ့ညားလှသော၊ တိကျသော စကားကို ဆိုဘိသနည်း" ဟု မိန့်တော်မူ၏။
ထို့နောက် ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာတို့သည် ဤသို့ပူဇော်ကာမျှဖြင့် ငါဘုရားအားမြတ်နိုးသည်မမည်သေး။အကြင်ဥပါသကာဥပသကာမတို့သည်လည်းကောင်း၊ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့သည် လည်းကောင်း ငါဟောကြားအပ်သော တရားနှင့်အညီ ကျင့်ကြံနေထိုင်၏။ ထိုသူတို့သည်သာလျှင်ငါဘုရားကိုချစ်ကြည်မြတ်နိုးရှိခိုးပူဇော်ကြသည်မည်၏"ဟုမိန့်တော်မူ၏။အရှင်အာနန္ဒာက"အရှင်ဘုရား၊ကိုယ်တော်မြတ်နိဗ္ဗာန်လားခဲ့သော်အလောင်းတော် အား ကျွန်ုပ်တို့ ပြုဖွယ်ကိစ္စကို အဘယ်သို့ပြုရပါအံ့နည်း" ဟုမေးလျှောက်၏။ ထိုအခါ၌ ဗုဒ္ဓက " အာနန္ဒာ၊ ငါဘုရား၏အလောင်းတော်ကိုမီးပူဇော်ခြင်းစသည်တို့၌သင်တို့အကြောင့်ကြကုန်လင့်။မိမိ၏အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာ သာ များစွာ လုံ့လပြုကြကုန်လော့" ဟု မိန့်တော်မူ၏။
ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား " အာနန္ဒာ၊ ငါ၏ တပည်. ရဟန်းသံဃာတို့သည် ငါပရိနိဗ္ဗာန် စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟုထင်မှတ်ကြပေလိမ့်မည်။ ထိုသို့ မမှတ်သင့် ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို့၏ ဆရာဖြစ်လတ္တံ့။ ထို့ကြောင့် ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာမှတ်၏" ဟု မိန့်ကြား၍ ရဟန်းတို့အား မိမိ၏တရား၌ တစ်စုံတစ်ရာ ယုံမှားမှု ရှိလျှင် မိမိမလွန်မှီ မေးလျှောက်ကြရန်သတိပေး၏။သို့ရာတွင်ရဟန်းတို့က မည်သို့မျှမမေးလျှောက်ကြချေ။ ထို့နောက် ဗုဒ္ဓသည် "သင်္ခါရတရားတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့မလျော့ဘဲ ကျင့်ကြံအားထုတ်ကြကုန်လော့" ဟု နောက်ဆုံးမိန့်ကြားပြီးလျှုင် ပရိနိဗ္ဗာန် ပြုတော်မူ၏။
ဗုဒ္ဓ၏ နောက်ဆုံးဘဝ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်နှလုံးကောင်းရှိသော သူတို့သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်းဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတစ်ပါးကို အပြစ်မြင်၊ အထင်အမြင်မသေးစေလိုခြင်း၊(အရှင်သာရိပုတ္တရာအား မိန့်ကြားချက်)ပုဂ္ဂိုလ်ကိုးကွယ်မှုမဖြစ်စေလိုခြင်းစသောလက္ခဏာများဖြင့်မြင့်မားသောအာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေ သည်။
သို့ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့စာပေ၌ အခြံ့ငားဆုံး စိတ်အားတက်ကြွဖွယ်အကောင်းဆုံးစာပေတစ်ခုဖြစ်ပါပေသည်ဟုရေးသားခဲ့၏။စင်စစ်မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို့က လွန်ကဲသော သဒ္ဓါယုံကြည်စိတ်ဖြင့်ဖန်တီးထားသော အနန္ဒဘုန်းတော်ရှင် မဟုတ်တော့ဘဲအလွန်စိတ်ဓာတ်မြင့်မြတ်၍ကြည်ညိုဖွယ်ကောင်းသောကမ္ဘာ့စံပြအာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။