Friday, 3 August 2012

အချိန်ကိုအသုံးချတတ်ပါစေ

အချိန်ကိုအသုံးချတတ်ပါစေ
လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ဘ၀အဆင့်အတန်းချင်းမတူ။ ပညာအဆင့်အတန်းချင်းမတူ၊ အသိုင်းအ၀ိုင်းချင်းမတူ။ သြဇာအာဏာချင်းမတူ။ သို့တစေ သဘာဝတရားက လူသားတိုင်းအား တူညီသော အခွင့်အရေးတစ်ခု ကိုမူပေးထားပါ၏။ ယင်းအခွင့်အရေးကား၊ လူသားတိုင်း တစ်နေ့လျှင်၂၄နာရီဟူသောအချိန်ကိုညီတူညီမျှရရှိပိုင်ဆိုင်ထားခြင်းပင်ဖြစ်ပါသည်။တစ်ရက်လျင်၂၄နာရီထက်ပို၍မည်သူမျှမပိုင်ဆိုင်၊လျော့၍လည်းမပိုင်ဆိုင်။

ဤသို့ တန်းတူညီမျှရရှိထားသော အချိန် အပေါ်တွင် လူတစ်ဦးနှင့် တစ်ဦး အသုံးပြုပုံပြုနည်းချင်းမတူညီကြပေ။ ယင်းသို မတူညီမှုအပေါ် မူတည်ပြီး လူတစ်ဦးနှင့် တစ်ဦး ပညာအဆင့်အတန်း ဓနအဆင့်အတန်း၊ ဂုဏ်ဒြပ်အဆင့်အတန်း ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားသွားခြင်းဖြစ်ပါ၏။

အချိန်နှင့်ပျင်းရိခြင်းပေါင်းလျှင် ရလဒ်မှာ သုညဖြစ်ပါသည်။ အချိန်နှင့် လုံ့လ ဥဿဟပေါင်းစပ်လျှင် ရလဒ်မှာ ကိန်းဂဏန်းတွေဖြစ်လာပါသည်။ အချိန်ကိုသုံးသလား၊ဖြုန်းသလားဟူသောအချက်ကလူတစ်ယောက်၏ဘ၀အဆင့်အတန်းကို ပြဌာန်းပါ၏။လူတစ်ယောက်၏တန်ဖိုးကိုသတ်မှတ်ပါ၏။

အချိန်ဟူသည် သူ့ချည်းသက်သက်ဆိုလျင် အဖြူထည်မျှသာဖြစ်ပါ၏။သူ့အပေါ်အသုံးချမှုအပေါ်တည်မှီပြီးတန်ဖိုးရှိလာခြင်းဖြစ်ပါသည်။ အချိန်သည် လူပျင်းတို့လက်ထဲတွင် မည်သည့်တန်ဖိုးမျှ မရှိ။ သို့သော် လုံ့လဖြင့် ပညာရှာသူတို့လက်ထဲတွင် အချိန်သည် ပညာကို ပေးနိုင်၏။ ဥစ္စာရှာသူတို့လက်ထဲတွင် ဥစ္စာကို ပေးနိုင်၏။ ကုသိုလ်ပြုသူတို့၏ လက်ထဲတွင် ကုသိုလ်ကို ပေးနိုင်၏။ အချိန်ကို စနစ်တကျ အသုံးချတတ်သူ၏ လက်ထဲတွင် အချိန်သည် ပညာလည်းမည်၏။ ဥစ္စာလည်းမည်၏။ကျော်ကြားမှုလည်းမည်၏ကုသိုလ်လည်းမည်၏။

အချိန်ကိုဖြုန်းတီးနေသူသည် မိမိအကျိုးလည်း မဆောင်ရွက်နိုင်။ သူတစ်ပါးအကျိုးကိုလည်း မဆောင်ရွက်နိုင်။ ယင်းသို့ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မဆောင်ရွက်နိုင်ရုံမျှသာမက သူတစ်ပါးအပေါ် အမှီပြု၍ ရပ်တည် ရှင်သန်နေရသောကြောင့် မိဘ ဆွေမျိုးများအတွက်ဝန်ထုတ်ဝန်ပိုးပင်ဖြစ်စေ၏။ဆိုရလျှင်ထိုသူတို့သည်လောကအတွက်လာခြင်းမကောင်းသောဧည့်သည်များဖြစ်ပါ၏။အချိန်ကိုဖြုန်းနေသူ၌မည်သည့်ပညာမျှလည်းမရှိ။မည်သည့်ဥစ္စာမျှလည်းမရှိ။မည်သည့်အကျော်အစောမျှလည်းမရှိ။ ထိုသူမျိုးအတွက် လူအဖွဲ့အစည်းတွင်နေရာထိုင်ခင်းလည်းမရှိပေ။အချိန်ဖြုန်သူ၏ဘ၀နေ၀င်ချိန်သည်မလှပတတ်ပေ။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေကြောင်း ကျေးဇူး စမ်းအေးမြိုင် ဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါ၏။-

အချိန်ကိုတန်ဖိုးရှိအောင်သုံးတတ်လျှင်အချိန်တိုင်းမှာတန်ဖိုးရှိနေပါတယ်။

၁။စီးပွားဥစ္စာရှာနေသူအတွက်အချိန်သည်စီးပွားဥစ္စာဖြစ်ပါတယ်။
၂။ပညာသင်ကြားလေ့လာနေသူအတွက်အချိန်သည်ပညာဖြစ်ပါတယ်။
၃။တရားရှာမှီးအားထုတ်နေသူအတွက်အချိန်သည်တရားဖြစ်ပါတယ်။

အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်လျှင်သူ့အကျိုး၊ကိုယ်အကျိုးနှစ်မျိုးလုံးကိုပြီးစေနိုင်ပါတယ်။
သြ၀ါဒ အလင်းပွင့် (၁၁) မင်းနန် (မော်ကျွှန်း) အပ္ပမာဒ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။

စိတ်ညစ်ရင်ရေချိုးပါ(၂)

စိတ်ညစ်ရင်ရေချိုးပါ(၂)
  ကျောင်းသားတစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ် ကော ရုပ်ကော ကြည် လင် နေတဲ့ အတွက် စာကျက်လို့လည်းပိုကောင်းနေပါလိမ့်မယ်။ ကိုယ်က ဓိသဘောလေးတွေ အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းနေအောင် မကြာခဏ လုပ်ပေးနေရပါမယ်။ စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲလုပ်လုပ်၊ စာပဲကျက်ကျက် ၊ဘာပဲလုပ်လုပ်၊အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့လဲလိုက်ပါ။ ပြီးတော့ရေချိုးလိုက်ပါ။ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အဝတ်လေးကို ဝတ်လိုက်ပါ။

အားလုံးပြီးတာနဲ့ အသစ်လဲပြီးသားအိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပာယဖြစ်သလိုထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ'' မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူပါဘုရား'' လို့ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာအားနာနေရင် ဦးခေါင်းထက်ကိုပင့်လိုက်ပါ။

စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားလိုက်ပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အား ကိုယူတာပါ။ စိတ်ထဲမှာမြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။

အားလုံးပြီးရင် လက်အုပ်ကလေးချီ ထားတာလေးချပြီး အရဟံဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင်စိတ်ချမ်းသာလာပါလိမ့်မယ်။ မယုံရင် စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆို စိတ်ညစ်တာပျောက်သွားတာများပါတယ်။ ကိလေသာမကင်းသရွေ့တော့ စီတ်တွေက အခါအားလျှော်စွာ ညစ်နေရအုံးမှာပါ။

စိတ်ညစ်တာကိုစိတ်ညစ်တဲ့အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့နည်း တစ်ခုခုနဲ့ ပယ်ပစ်လိုက် နိုင်ဖို့ပါ။ ရေချိုးလိုက် တာကတော့ သိပ်ပြီးမခက်လှပါဘူး။ဒီနည်းကလေးကို အထုံအကျင့်လေးတစ်ခုလုပ်ထားလိုက်ဖို့ပါ။ စိတ်ညစ် လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော် မေတ္တာလေးပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာ လေး ပွားလိုက်နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင် လုပ်ထားရပါမယ်။

အဲ့ဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ်ပါတယ်။မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ်မကင်းတဲ့အပြုအမူတွေစွဲသွားတဲ့လူတွေအများကြီးပါ။တွေ့ဖူးမြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့လူက ကောင်းမြတ်တဲ့အကြံပေးရင်တော်ပါရဲ့ ၊ဘယ်လိုကဲလိုက်ပါလား၊ ၊ဘယ်လိုလုပ်လိုက်ပါလား၊ စသည်ဖြင့် အကုသိုလ်မကင်းတဲ့အကြံပေးလိုက်ရင်ကိုယ့်အတွက်အများကြီးနစ်နာသွားနိုင်ပါတယ်။

ကဲ ထားပါတော့ တစ်ယောက်ယောက်ဆီကိုဖုန်းဆက် အကြံ ဥာဏ်တောင်းလို့ ကိုယ်အကြံ ဥာဏ်တောင်း တဲ့ သူက လာခဲ့၊ ဘယ်ဆိုင်မှာ၊ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝလန်းစေရမယ် ဆိုပြီး လှမ်းခေါ်ပါပြီတဲ့ ၊ ခေါ်တဲ့အတိုင်း နေရာတစ်ခုခုမှာ ကဲနေပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စစိတ်က ပြန်ညစ်ရအုံးမှာပါ။

နောက်ဆုံး ကိုယ့်မှာအကုသိုလ် အပို ဖြစ်ရတာပဲအဖက်တင်တာပါ။ အဓိက ကတော့ ဘယ်လိုအာရုံပဲ ကြုံလာ ကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်သွားဖို့ပါ။ ဒါကိုကိုယ်က အလေ့အကျင့်ဖြစ်အောင် လေ့ကျင့် ၊လေ့ကျင့် ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူး ကြောင့်ကြစရာ မလိုတော့ပါဘူး။

ဘာပဲပြောပြော စိတ်ညစ်ရင်ရေချိုးလိုက်ပါ။ဒါဆိုရင်စိတ်ချမ်းသာလာပါ လိမ့်မယ်။
ရဝေနွယ်(အင်းမ)

စိတ်ညစ်ရင်ရေချိုးပါ(၁)


စိတ်ညစ်ရင်ရေချိုးပါ(၁)

တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ရှိပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တောအုပ်တစ်ခုကို ဖြတ်သန်းသွား ရမှာပါ။ အဲ့ဒီတောအုပ် ထဲမှာ သူခိုးတွေလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာတစ်ခုကသားအဖနှစ်ယောက်လာရင်သားကိုဖမ်းပြီးအဖေလုပ်သူကိုအိမ်ငွေပြန်ယူစေပါတယ်။ဆရာတပည့်လာရင်လည်းဆရာကိုဖမ်းပြီးတပည့်ကိုအိမ်ငွေပြန်ယူစေပါတယ်။

ဒီလုပ်ထုံး အစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက် ခရီးမထွက်ခင် အဖေလုပ်တဲ့သူက ''ငါ့သား ဓားပြ သူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော'' လို့မှာပါတယ်။
ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။ တွေ့တော့သားအဖ နှစ်ယောက်ကို ဖမ်းပြီး'' သင်တို့ ဘာတော်သလဲ'' လို့မေးတော့ သားလုပ်တဲ့သူက '' ဘာမှမတော်ဘူး'' လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက်တောအုပ်ထဲက ထွက်ခွင့်ရပြီး ရှေ့ကိုခရီးဆက်ခဲ့ရတယ်။ နားရမယ့်နေရာမှာ နားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့တစ်နေ့တာ သီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသား ပြောခဲ့တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး ''ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ '' ဆိုပြီးရပ်နေလျှက်ဝိပဿနာပွားလိုက်တာပစ္စေကဗုဒ္ဓါအရှင်မြတ်ဖြစ်သွားပါတယ်။(ငါးရာ့ငါးဆယ်၊ပါနိယဇာတ်) ရေချိုးလိုက်လို့တရားထူးတရားမြတ် ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမဲ့ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့ တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့အတွက် စိတ်ကော ရုပ်ကော ကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက် တရားအားထုတ်ရတာလည်း ပိုပြီး အဆင်ပြေသွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ပေးတာဆိုတော့ စိတ်ညစ်တာ လောက်တော့ အထူးပြောနေစရာမလိုတော့ ပါဘူး။

ဒါကဝတ္ထုသာဓကလေး ကို ကိုင်ပြောတာပါ။ စာနဲ့ကိုင်ပြောမယ်ဆိုရင်လည်း ဝိဘင်းအဋ္ဌကထာမှာ ပညာ ပွားကြောင်း(၇) ပါးကို ပြ ထားပါတယ်။ အင်္ဂါ(၇) ပါးမှာ ဒုတိယအဂါင်္က ဥာဏ်ပညာပွားဖို့အတွက် ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကိုလည်း အကျယ်ပြန့် ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်း လက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ် မှာ ချွေးတွေ ဂျီးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ် ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေမယ်၊ ဒါဟာ အတွင်းဝတ္ထုမသန့်ရှင်းတာပါ။
နောက် ကိုယ့်ရဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်၊ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန် ကျဲနေမယ်၊ စာအုပ်တွေ ပြန့်ကြဲနေမယ်၊ အမှိုက်တွေ ရှိနေမယ်၊ဒါဟာ အပြင်ဝတ္ထုမသန့်ရှင်းတာပါ။

အဲ့ဓီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဥာဏ်အမြင် မကြည်လင်တော့ ပါဘူး။ ဒါဆိုရင်နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။ ဒါကြောင့် ဆံပင်တွေရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာညှပ်၊ လျှော်စရာရှိတာလျှော်ပေးရပါမယ်။ခြေသည်းလက်သည်းတွေရှည်နေရင်ညှပ်ပေးရပါမယ်။

ခန္ဓာကိုယ် မှာ ချွေးတွေ ဂျီးတွေရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ် ထဲမှာ လေဆိုးတွေ အပူအပုပ်တွေ ရှိနေရင် နားလည်တဲ့ဆရာဝန် နဲ့ပြသပြီးဝမ်းသက်စေတဲ့ဆေးစားပြီးခန္ဓာကိုယ်ပေါ့ပါးအောင်လုပ်ပေးရပါမယ်။ဒါကအတွင်းဝတ္ထုသန့်ရှင်းတာပါ။

နောက် ကိုယ့်ရဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့အသက်ဆိုးတွေရှိနေရင် လျှော်ပေးရပါမယ်။ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေ လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ နေလှန်းပြီးပေးရပါမယ်။ ဒါက အပြင်ဝတ္ထုသန့်ရှင်းတာပါ။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေုရင် စိတ်ကြည်လာပါလိမ့်မယ်။စိတ်ကြည်လာရင် ဥာဏ်အမြင် ကြည်လာ တော့တာပါ။တရားအားထုတ်တဲ့ယောဂီကော၊စီးပွားရေးလုပ်နေတဲ့သူကော၊ ကျောင်သူ၊ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေအောင် ဂရုတစိုက်လုပ်ပေး နေရပါမယ်။ ရေချိုးပြီးမှ တရားထိုင်ရင် ဥာဏ်ပို ပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပို ပြီးကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ရဝေနွယ်(အင်းမ)

Thursday, 2 August 2012

သည်းခံခြင်း


သည်းခံခြင်း
အမေရိကန်လူမျိုးများသည် ရေးကြီးသုတ်ပြာ နိုင်ကြပါသည်. . . အခြားနိုင်ငံသားများက ရေးကြီသုတ်ပြာ နိုင်မှုကို အမေရိကန်လူမျိုးတို့၏ ထူးခြား လက္ခဏာ တစ်ခုအဖြစ် သဘောထားကြပါသည်. . . အခြားနိုင်ငံသားများက မြင်သောအမြင်မှာ မှန်ကန်ပါသည်. . . အမေရိကန်တို့သည် အောင်ပန်းဆင်နိုင်ဖို့အတွက် သွက်လက်စွာ လှုပ်ရှားကြပါသည်. . . ထိုအချက်သည်. . ကျွန်ုပ်တို့အတွက် တွန်းအားဖြစ်ပါသည်. . ထိုတွန်းအားသည် အမေရိကန် လူမျိုးများ၏ အကြီးမားဆုံးသော အင်အားဖြစ်ပါသည်...

အခြားတစ်ဖက်မှ ပြန်ကြည့်လျှင် လက်တွေ့ကျကျ ချက်ခြင်း အရေးယူဆောင်ရွက်တတ်သော အလေ့အကျင့် အင်အားသည် အားနည်းချက်လည်း ဖြစ်နိုင်ပါသည်. . ချက်ခြင်း လုပ်ရမှ ကျေနပ်သော အလေ့အကျင့်ကြောင့် သည်းမခံနိုင်သော လူမျိုးဟု အများစုက ယူဆလာကြပါသည်. . .

စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း အလားတူ အကျိုးရလဒ်များ ကြုံတွေ့ခဲ့ရပါသည်. . . လုပ်ငန်းသဘောတူချက်ကို အခု လက်မှတ်ထိုး အခု ချက်ခြင်း စတင်အကောင်အထည် ဖော်စေချင်ပါသည်. . . ချက်ခြင်း လုပ်ချင်သော သဘောက ဦးဆောင်လွန်းသည့်အတွက် လုပ်ငန်း လုပ်ကိုင်ရန် စဉ်းစားဖို့အချိန်မယူသော အခြေအနေများ မကြာခဏ ကြုံတွေ့ကြရပါသည်. . . အလုပ်လုပ်ရာတွင် မြန်မြန်ဆန်ဆန် ရေးကြီးသုတ်ပြာလုပ်ခြင်မှုများ သည်းမခံနိုင်မှုများကြောင့် အလုပ်တစ်ခု မလုပ်မီ သေသေချာချာ ချင့်ချိန် ပြုမူလိုသော လူအများ ရနိုင်သည့် အခွင့်အရေးများကို ဘေးဖယ်ထားရာ ရောက်နေပါသည်. . . .

သည်းခံနိုင်စွမ်းသည် သတ္တိ တစ်မျိုးပင်ဖြစ်သည်. . . . သည်းခံနိုင်ခြင်းမှာ ရည်မှန်းချက် ပြည့်ဝရေးအတွက် ဖြည့်ဆည်းပေးနိုင်သော . သတ္တိထူး တစ်မျိုးပင်ဖြစ်သည်... သည်းခံနိုင်မှုသည် သင်ပြုပြင်ပြောင်းလဲနိုင်သည်ကို ပြုပြင်နိုင်သော စွမ်းရည် လဲ ဖြစ်ပါသည်. . . ကွဲပြားခြားနားချက်ကို သိမြင်နိုင်စွမ်းသာ အသိဥာဏ်လည်း ဖြစ်ပါသည်. . . ဘ၀တွင် မျှော်မှန်းထားသော ရည်မှန်းချက်များကို ပြည့်ဝ အောင် ဖြ့ည်ဆည်းလိုသော ဆန္ဒလေးနက်လေလေ ၊ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့အတွက် သည်းခံဖို့ ပိုလိုလာလေဖြစ်သည်. .

သည်းခံမှုဆိုသည်မှာ လှုပ်ရှားသည့် သဘောသက်ဝင်ပါသည်. . . ငြိမ်သက်နေသည့်သဘောမဟုတ်ပါ. . . တက်ကြွသည့် သဘောရှိပါသည်. . . တွေ့ကြုံလာသည့်အခြေအနေကို ငြိမ်ခံနေသည့်သဘောမဟုတ်ပါ. . . . ကိုယ်ကြမ္မာကိုယ် ဖန်တီးဦးစီးဆောင်နိုင်ဖို့အတွက် အပြုသဘော ဆောင်သော တွန်းအား တစ်မျိုးဖြစ်ပါသည်. . . သည်းခံမှုသည် တစ်ခုတည်းသော ဘ၀ရည်မှန်းချက်ကို ဦးတည်လုပ်ပေးထားမှုနှင့် ကိုယ်တိုင် ဆင်ခြင် ထိန်းကျောင်းမှုတို့ အကျုံးဝင်ပါသည်. .

ကိုယ်လျှောက်လှမ်းနေရသည့် ဦးတည်ချက်ကို ကောင်းစွာ သိမြင်နေသောအခါ သင့်ရည်မှန်းချက်ပြည့်ဝရေးတွင် ကြုံတွေ့လာရသော အခက်အခဲများကို သည်းခံနိုင်စွမ်းရည် တိုးပွားလာပါသည်. . . သင့်အနေဖြင့် သင်မျှော်လင့်ထားသော ပန်းတိုင်သို့ ရောက်မည်ကို တိတိကျကျသိနေပါသည်. . လမ်းခရီးတွင် ကြုံတွေ့ရသော အခက်အခဲများမှာ ယာယီအနှောင့်အယှက် အဟန့်အတားအနေဖြင့်သာ မြင်လာပါသည်. . .

သည်းခံသော စိတ်ကို ဘယ်လိုမွေးမလဲ. . . . သင့်ဘ၀ရည်မှန်းချက်ကို တိတိကျကျ ဆုံးဖြတ်ချက်ချပြီးလျှင် သည်းခံနိုင်ဖို့ လွယ်ကူပါသည်. . ထိုရည်မှန်းချက်ပြည့်ဝဖို့အတွက် သင်၏ စိတ်ဆန္ဒတစ်ခုလုံးကို စူးစိုက်ထားပါ.် . . ရည်ရွယ်ချက် ပြည့်ဝဖို့အတွက် ပြင်းပြသော စိတ်ဆန္ဒကိုမွေးထားပါ. . . သင်၏ စဉ်းစားတွေးခေါ်မှု လုပ်ကိုင် လှုပ်ရှားမှုနှင့် ဆုတောင်းမှန်သမျှတို့သည်. . ထိုရည်မှန်းချက်ပြည့်ဝမှုအတွက်သာ ဦးတည်ထားခဲ့လျှင် သည်းခံသော စိတ်ကို မွေးရန် လွယ်ကူပါသည်. . .

သင့်ဘ၀တွင်လည်း အဓိကကျသော ဘ၀ပန်းတိုင်အပေါ် အာရုံစူးစိုက်ထားပါက. . . ထိုပန်းတိုင်ရဖို့အတွက် လိုအပ်သော သည်းခံစိတ်များ ဖြစ်ပေါ်တိုးတက်လာပါလိမ့်မည်. . . .

ဒေါက်တာသိန်းလွင်

ဘုရားအလောင်း သန္ဓေတည်ချိန်၌ မယ်တော်မာယာ အိပ်မက်မြင်ခြင်း

ဘုရားအလောင်း သန္ဓေတည်ချိန်၌ မယ်တော်မာယာ အိပ်မက်မြင်ခြင်း

ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကို လှူ၍ ဥပုသ်စောင့်သုံးပြီးလျှင် အသရေရှိသော တိုက်ခန်းသို့ ၀င်၍ သလွန်တော်၌ လျောင်းစက် အိပ်ပျော်စဉ် ထူးဆန်းသော အိပ်မကိကို မြင်သည်မှာ နတ်မင်းကြီး ၄ ပါးတို့သည် ဟိမ၀န္တာ၌ရှိသော ဆေး ဒန်း မြင်းသိလာ ကျောက်ဖျာ အပြင်သို့  သလွန်တော်နှင့် တကွဆောင်ယူ၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်. . .
ထို့နောက် နတ်မိဖုရားတို့က အန၀တတ်အိုင်သို့ ဆောင်ယူ၍ ရေချိုးပေးပြီးလျှင် နတ်အ၀တ်များကို ဆင်ယင်စေပြီးမှ ငွေတောင်အတွင်ဿး၌ရှိသော ရွှေဗိမာန်သို့ သွင်း၍ အိပ်ရာ၌ အိပ်စေကြလေသည်။ ထိုအခါ ဘုရားအလောင်းသည် ဆင်ဖြူတော်ဖြစ်၍ သူ၏နေရာရွှေတောင်ပေါ်မှ သက်ဆင်းကာ ငွေတောင်သို့လာပြီးလျှင် ရွှေဗိမာန်သို့ ၀င်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ ၀င်သကဲ့သို့ မြင်မက်လေသည်.
THE DREAM OF MAHA-MAYA WHEN SHE CONCEIVED THE FUTURE BUDDHA

Just one full moon day in the month of Wazo(July) Queen Maha-Maya rose early and dispensed huge sums of money in great charity. She then took the eight precepts and entered her elegantly furnished chamber of state. And lying down on the royal couch, she fell asleep and dreamed the following strange dream:-
The four guardian angels came and lifted her up, together with hear couch and took away to the Himalaya Mountains. There, in the Manosila table-land they laid her upon a huge slab of sulfurousl rock under a very bigh sal tree. Then came the wives of these guardian angles, and conducted her to Anotatta Lake, and bathed her to remve every human stain. And after clothing her with diving garments they took her into a goldern mansion which was inside a Silver Hill. There they laid her down upon a diving couch. Now the Furture Buddha had become a superb white elephant and was wandering about at no great distance on the Golden Hill. Descending thence, he ascended the Silver Hill and went into the golden mansion. And splitting her on her right side, he entered her womb. Thus the comcption took place.

အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက တုသိတာနတ်ပြည်မှ စုတေဘို့ရန်တောင်းပန်ခြင်း

အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက
တုသိတာနတ်ပြည်မှ စုတေဘို့ရန် တောင်းပန်ခြင်း

ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီကုသိုလ်များကို ဖြည့်ကျင့်၍ ဘုရားမဖြစ်မီ တစ်ဘ၀၌ တုသိတာနတ်ပြည်ဝယ်။သေတကေတု အမည်ရှိသော နတ်မင်းဖြစ်လေသည်။ ထိုနတ်မင်းသည် နတ်အသက်စေ့၍ စုတေဘို့ရန် အချိန်နီးလတ်သော် စကြာဝဋ္ဌာ ကမ္ဘာတစ်သောင်းမှ နတ်ဗြဟ္မာတို့သည် ဘုရားအလောင်းစံရာ တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်၍ တောင်းပန်ကြသည်မှာ----အရှင်နတ်သား အရှင်သည် လူနတ်စည်းစိမ်ကို ခံစားဘို့ရာ ပါရမီတို့ကို ခံစားဘို့ရာ ပါရမီတို့ကို ဖြည့်ကျင့် ခဲ့သည် မဟုတ်ပါ။ သတ္တ၀ါတို့ကို ကယ်တင်နိုင်သော ဘုရားဖြစ်ဖို့ရာ ဖြည့်ကျင့်ခဲ့ပါသည်။ယခုအခါ ဘုရားဖြစ် ရန် အချိန်တန်ပြီ ဖြစ်ပါ၍ နတ်ပြည်မှ စုတေပြီးလျှင် လူ့ပြည်၌ ပဋိသန္ဓေနေတည်နေတော်မူပါ ။ဤသို့ တောင်းပန်ကြသဖြင့် လူ့ပြည်၌ ပဋိသန္ဓေ နေဖို့ရန် ၀န်ခံတော်မူလေသည်။

THE HIGHER AND LOWER GODS BESEECHIN THE FUTURE BUDDHA TO LEAVE TUSITA HEAVEN TO BE REBORN AS A MAN

The Future Buddha fulfilled the Ten Perfection in his many existences over a period of four Incalculables (asankhayeyas) and one hundred thousand world. In one life before the life when he became the Buddha.he was born as one of the chief gods and know as "Setaketu" in the celestial city of the Tusita gods. When the span of his life there as a god was fast approaching its end, the higher and lower gods of all ten thousand worlds came into one place in Tusita heaven and approached the Future Buddha you fulfilled the ten Perfections; but it was to become a fully enlightened Buddha in order to save the world, that you fulfilled them. Sir, the time and fit seasons for your Buddha has now arrived. Be so good as to depart from the world of gods and take conception in the womb of a human mother in the world of men. The Great Being assented to their wish.

Wednesday, 1 August 2012

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် ထေရဝါဒ ဓမ္မကွန်ရက် ကို ရန်ကုန်တွင် ပြုလုပ်သွားမည်

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် ထေရဝါဒ ဓမ္မကွန်ရက် ကို ရန်ကုန်တွင် ပြုလုပ်သွားမည်


ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ်
"ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တွင် ပြုလုပ်သွားမည်

၁၂-သြဂုတ်-၂၀၁၂၊ ၁၃၇၄ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့၊ နေ့လည် ၂း၀၀ နာရီတိတိ အချိန်တွင် ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်လမ်း၊ (ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၊ ရှင်သာမဏေ ဓမ္မဗိမာန်ဘေးလမ်း) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၌ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

           အဆိုပါ "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို အမျိုး-ဘာသာ-သာသနာ ကာကွယ်စောင့်ရှောက် ပြန့်ပွားရေး လုပ် ငန်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) ရည်ရွယ်ချက် ၊ ( ၂ ) လုပ်ငန်းစဉ် ၊ ( ၃ ) ဖြန့်ချီရေးစနစ် ၊ ( ၄ )  နှိုးဆော်ချက်၊ ( ၅ ) လက်တွေ့ဆောင်ရွက်ရန် လျာထားချက် ၊ ( ၆ ) ရန်ပုံငွေ ရှာဖွေစုဆောင်းခြင်း ဆိုတဲ့ အစီ အစဉ်တွေနဲ့ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို ပြန်ပွားအောင်၊ တည်တံ့အောင်၊ ကြာရှည်အောင် ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ …..

(၁) သာသနာတော်အရေးကို ကြောင့်ကြစိုက် ဆောင်ရွက်နေကြသော အသင်း-အဖွဲ့များနှင့် သာသနာ အကျိုး ဆောင်ရွက်နေကြသော ရဟန်း-ရှင်-လူအများကွန်ရက်ပမာ ချိတ်ဆက်ကာဖြင့် သာသနာအရေး ဆောင် ရွက်ဖွယ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြရန်။

(၂) အသင်း-အဖွဲ့အသီးသီးက ဆောင်ရွက်လျက်ရှိသော သာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး လုပ်ငန်းများနှင့် သာသနာ့အကျိုး ဆောင်ရွက်မှုအခြေအနေများ၊အခက်အခဲများကို ၀ိုင်းဝန်းအကြံပြု၍ အတွေ့ အကြုံများ ဖလှယ်နိုင်ကြရန်။
(၃) အဓမ္မ၀ါဒများနှင့် သာသနာ့ အန္တရာယ်များကို ဖော်ထုတ်အသိပေးရန်နှင့် ဘာသာခြား သာသနာပြုများ ၏ ထိုးနှက်ချက်များကို ကာကွယ် တားဆီးနိုင်ကြစေရန်။
(၄) ထေရ၀ါဒ ပိဋကတ်တော်နှင့် ညီညွတ်သော ဓမ္မတရားတော်များ ပြန့်ပွားရေးစီမံချက်များ ဖော်ဆောင် ရန် ဖြစ်ပါတယ်။

လုပ်ငန်းစဉ်တွေ အနေနဲ့ကတော့ ……..ဘာသာ-သာသနာအကျိုး သယ်ပိုးနေကြသော အသင်းအဖွဲ့များ၊ အကျိုးဆောင်ပုဂ္ဂိုလ်များကို ဖိတ်ခေါ်စာ ဖြန့်ဝေပြီး၊ ပထမအကြိမ် အကြိုညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပရန်၊ "ထေရ၀ါဒ ဓမ္မကွန်ရက်" ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ ဖွဲ့စည်းပုံ (မူကြမ်း) ရေးဆွဲရန်၊ နာယကများ တင်မြှောက် ရန်၊ ကွန်ရက်တွင်ပါဝင်ချိတ်ဆက်မည့် အဖွဲ့များ စည်းရုံးဆက်သွယ်ရန်၊ မျက်မှောက်ခေတ် ဖြစ်ပွားနေသော အခြေအနေများနှင့် သိသင့်သည် သတင်း အချက်အလတ်များ၊ ဓမ္မဆောင်းပါများကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင် ရန်အတွက် "ထေရ၀ါဒမော်ကွန်း" ဓမ္မစာစဉ် ကို ကွန်ရက်အဖွဲ့များ၊ ပုဂ္ဂိုလ်များမှ တစ်ဆင့် လစဉ်ဖြန့်ချီရန် ဖြစ်ပါ တယ်။

လက်တွေ့တွင်လည်း အောက်ပါအချက်အလက်များကို ဆောင်ရွက်နိုင်ရန် "ထေရ၀ါဒ ဓမ္မကွန်ရက်" ဖြစ်မြောက်ရေး ကော်မတီများက လျာထားပါတယ်။
(၁) ထေရ၀ါဒ ဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများပြုလုပ်ရန်။
(၂) အဓမ္မ၀ါဒများ ဟောပြောဖြန့်ဝေခြင်း၊ ဘာသာခြား သာသနာပြုများ ထိုးနှက်တိုက်ခိုက်ခြင်း အခြေ အနေများကို သတင်းများ စုဆောင်းပေးပို့ရန်။
(၃) ဘာသာတွင်း သာသနာ့အန္တရာများနှင့် သာသနာတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေမည့် (ရဟန်းတု၊ သာမဏေတု၊ သီလရှင်တုများ၏ စီးပွားရှာမှုများ၊ သိက္ခာပျက် ပုဂ္ဂိုလ်များ၏) လုပ်ရပ်များကို ဖော်ထုတ် တားဆီးရန်။ (သက်ဆိုင်ရာ တာဝန်ရှိသူများသို့ သတင်းပို့ အကူအညီရယူရန်)
(၄) သာသနာတော် သန့်ရှင်း-တည်တံ့၊ ပြန်ပွားရေးဆိုင်ရာ ဓမ္မစာဆောင် စာအုပ်များ ပြုစုထုတ်ဝေခြင်း၊ ရုပ်သံရိုက်ကူးခြင်း၊ မီဒီယာများမှ နှိုးဆော် အသိပေးခြင်းများပြုလုပ်ရန်။
(၅) သာသနာ့ အကျိုးဆောင် အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန်။
(၆) မဖွံ့ဖြိုးသေးသော ဒေသများနှင့် တောင်တန်းနယ်ခြား သာသနာပြု ရဟန်းတော်များ၏ သာသနာပြု လုပ်ငန်းများတွင် နည်းစနစ်များ၊ ပစ္စည်းဝတ္ထု အင်အားများဖြင့် ကူညီထောက်ပံ့ လှူဒါန်းနိုင်ရန်ဖြစ်ကြောင်း "ထေရ ၀ါဒ ဓမ္မကွန်ရက်" ကော်မတီအဖွဲ့ဝင်များက ထုတ်ပြန် ကြေငြာထားပါသည်။

ယခုလို ဘာသာ-သာသနာကို ရွဲပြဲနေလို့ ပြုပြင်လိုသူများက ပြုပြင်ချင်ကြပေမယ့် ပြုပြင်လို့ ပြုပြင်ရ ကောင်းမှန်း မသိဘဲ ဘာသိဘာသာ နေတဲ့သူတွေနဲ့ ယနေ့မျက်မှောက်ခေတ် ကာလတွင် ဒီမိုကရေစီစနစ်အရ လွတ်လပ်စွာ ဟောပြော-ရေးသား-ကိုးကွယ်ခွင့်ကို အခွင့်အကောင်းယူကာ အဓမ္မ၀ါဒများနှင့် ဘာသာခြားသာ သနာပြုများ၏ ထိုးနှက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။ 

ထိုသာသနာ့ အန္တရာယ်များကို ကာကွယ်ရန် အတွက် စေတနာ - သဒ္ဓ္ဓါတူမျှ၍ ဘာသာသွေး နွေးထွေးကြကုန်သော ဒေသအသီးသီးမှ သာသနာ့အကျိုးဆောင် အသင်း-အဖွဲ့များ နှင့် တစ်ဦးချင်း စွမ်းဆောင်နိုင်သူများ စုပေါင်းကာ ကွန်ရက်ပမာ ချိတ်ဆက်ဆောင်ရွက်နိုင်မှ ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်မည့် သာသနာရေး ခံတပ်အင်းအားစုကြီးတစ်ခု ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုး- ဘာသာ- သာသနာအရေး အားပေးဆောင်ရွက်လိုသူ အပေါင်းတို့သည် အောက်ဖော်ပြပါ အကျိုးဆောင်ပုဂ္ဂိုလ်များ ထံသို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။

           (၁) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၊ ဗဟန်းမြို့နယ်။ ဖုန်း-၀၁-၃၇၁၅၃၁၊ ၀၉-၈၆၂၃၀၁၃။
           (၂) မင်းဝေလွင်၊ အောင်မင်္ဂလာကျောင်းတိုက်၊ အလုံမြို့နယ်။ ဖုန်း-၀၉-၅၁၆၇၉၅၆။
           (၃) အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း။ ဖုန်း- ၀၉-၅၁၂၇၃၃၀။
           (၄) မေတ္တာတံခွန်အသင်း၊ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်။

(လတစ်လ၏ နောက်ဆုံးအပတ် တနင်္ဂနွေမှအပ၊ ကျန်တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ နေ့လည့် ၁၂ နာရီအထိ)